ရန်ကုန်၊ ဇွန် ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဥာဏ်တောရွာနှင့် ရွှေသွန်းကျေးရွာတို့တွင် တိုက်ပွဲဖြစ် ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးသီး အလုံး ၈၀ နီးပါး အသုံးပြုတိုက်ခိုက်ခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယမန်နေ့ ဇွန်လ ၁၈ ရက် နံနက်ပိုင်းက တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ ဉာဏ်တောကျေးရွာနှင့် ရွှေသွန်းကျေးရွာတို့ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို တအာင်းတပ်မတော်-TNLA က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ အတွင်း စစ် ကောင်စီတပ်က လက်နက်ကြီး ၃၈ လုံး၊ ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးတို့ကို ပစ်ကူပေးတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ထိုအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရွှေညောင်ပင်ကျေးရွာနှင့် ရေမောင်းတန်းကျေး ရွာဘက် ကိုလည်း စစ်ကောင်စီတပ်က ပြည်သူလူထုများကို ဦးတည်ပြီး ရည် ရွယ်ချက်ရှိရှိ လက်နက်ကြီး ၈ လုံးနှင့် ဒရုန်းဖြင့် ဗုံးသီး ၂၃ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၄၁ မိနစ်ကလည်း စစ်ကောင်စီတပ်က ပြည်သူလူထုများကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိဖြင့် ဆမ္မဆယ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ် ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ် ဆင်ခြင်း ပြုလုပ်မည်မဟုတ်ကြောင်း တစ်ဖက်သတ်အပစ်ရပ်ကာလအား နောက်ထပ် ၁ လ သက် တမ်းထပ်တိုးထားသည်ကို စစ်ကောင်စီတပ်က အခွင့် ကောင်းယူ၍ အဆက်မပြတ်ထိုးစစ်ဆင်နေ သောကြောင့် နောင်ချိုမြိုနယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုထားသည်။
နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ နေ့စဉ် ရက်ဆက် ဖြစ်ပွားပြီး အရှိန်မြင့်တက်လာချိန်တွင် စစ်ကောင်စီကို ထောက်ခံသော လော်ဘီများက နောင်ချိုမြို့ ပြန်လည်ရရှိရေး ထိုးစစ်မှာ အခြေအနေကောင်းနေသည်ဆိုသော ဝါဒဖြန့် သတင်းများကို လိမ်လည် ဆက်တိုက် ထုတ်လွှင့်လျက်ရှိနေကြောင်း တွေ့ရှိရသည်။
စစ်တပ်လော်ဘီ အမျိုးသားရေး အစွန်းရောက် မဘသ ဘုန်းကြီး ပေါက်ကိုယ်တော်ဆိုသူက နောင်ချိုမြို့နယ်၊ အုမ္မတီးနှင့်အုမ္မခါးကျေးရွာ ရှေ့တန်းအထိ သွားရောက်ပြီး ထိုးစစ်အခြေအနေကောင်းနေကြောင်း၊ နောင်ချိုမြို့ နဂိုမူလအတိုင်း ပြန်လည်ရောက်ရှိတော့မည်ဖြစ်ကြောင်း ဇွန်လ ၁၈ ရက်နေ့ တိုက်ပွဲသေနတ်သံများအကြားတွင် သူ၏ တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် ဝါဒဖြန့် လိမ်လည် သတင်းထုတ်ပြန်ခဲ့သည်။
“တိုက်ပွဲတွေ ဖြစ်နေမယ့် စစ်တပ်က အဓိက ထိုးစစ်ဆင်နေတာပါ။ TNLA နဲ့ တော်လှန်ရေးတပ်တွေက ခုခံစစ်ပဲ လုပ်နေတာ။ ဒါတောင် ရက်တွေ အများကြီးကြာနေပြီ သူတို့ ရှေ့ကို မတက်နိုင်သေးပါဘူး။ နောင်မြို့ကို ပြန်ရဖို့ ဆိုတော့ စစ်တပ်အတွက် လွယ်နေရင် ပြန်ရတာကြာပြီပေါ့။ မလွယ်လို့ သူတို့ တိုက်မရလို့ ဒီလောက် ကြာနေတာ။ တိုက်ပွဲတွေကတော့ နေ့တိုင်း ပြင်းထန်နေတယ်။ စစ်တပ်က တက်လာလိုက် သေသွားလိုက် ပြန်ဆုတ်သွားလိုက် စစ်အင်အားပြန်ဖြည့်လိုက် တက်လာလိုက် သေသွားလိုက် ပြန်ဆုတ်လိုက်နဲ့ သံသရာလည်နေတာ” ဟု နောင်ချိုမြို့ခံတစ်ဦးက ရှင်းပြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
