26.2 C
Yangon

တီးတိန်မြို့နယ်ရှိ ခိုင်ကမ်းဆင်စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇွန် ၂၃

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ခိုင်ကမ်းဆင်စခန်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲ ညနေ ၆ နာရီခန့်တွင် တီးတိန်မြို့နယ်ရှိ ခိုင်ကမ်းဆင်စခန်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ခိုင်ကမ်း ဆင်စခန်းမှ ဆင်ဦးစီး ၁ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“မနေ့က ခိုင်ကမ်း ဆင်စခန်းကို စစ်ခွေးတွေ လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ဆင်ဦးစီး ၁ ဦး သေဆုံးတယ်။ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ကန့်ဘလူမြို့နယ်၊ သပြေသာရွာနှင့် ကျောင်းကုန်းရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် သပြေသာရွာနှင့် ကျောင်းကုန်းရွာတို့ကို မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၂၃ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်းသိရှိရသည်။

“ဖမ်းဆီးခံရတာတွေ ရှိတယ်လည်း ပြောတယ်။ အတိအကျမသိရသေးပါဘူး”ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

Photo – မကွေးတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က ည အချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article