ရန်ကုန်၊ ဇွန် ၂၆
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် နှင့် မန္တလေးတိုင်း မြစ်သားမြို့နယ် တို့တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံသူ ၂ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။
ဇွန်လ ၂၅ ရက်နေ့တွင် ရန်ကုန် ဂျိုးဖြူ အမှတ် ၁ တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းမှ စစ်မှုထမ်းအပတ် စဉ် ၁၀ ဆင်း စစ်ကောင်စီ တပ်သားသစ် ၁ ဦးနှင့် တောင်ကြီး ကျိုင်းတောင်း အမှတ် ၃ ပြည်သူ့ စစ်မှုထမ်း လေ့ကျင့်ရေးကျောင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးတို့သည် ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်မှုထမ်း တပ်သား ၂ ဦးလုံးသည် အကြမ်းဖက် စစ်တပ်၏ အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများဖြစ်ပြီး ရှေ့တန်းစစ်မျက်နှာမှ ထွက်ပြေးကာ အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရှိရသည်။
“အလင်းဝင်ရောက်လာတဲ့သူ ၂ ဦးက သေနတ်မပါဘူး။ တောင်ကြီး ကျိုင်းတောင်းရယ်၊ မှော်ဘီရယ်ကပါ။အလင်း ဝင်ရောက်လာတဲ့သူ ၂ ဦးက ဘယ်မြို့နယ်တွေလဲဆိုတော့ မြစ်သားနှင့် လှိုင်သာယာတို့ကပါ။ လှိုင်သာယာက တစ်ဦးက ၃၈၉ ခြေမြန်တပ်ရင်းက မြစ်သားက တစ်ဦးကတော့ ရွှေဘို ၄၂ ခြေမြန်တပ်ရင်းကပါ။ ဂုဏ်ပြုဆုငွေချီးမြှင့်ဖို့ကတော့ ခုလောလောဆယ် မရှိသေးဘူး။ ၂ ဦးစလုံးက ပေါ်တာ အဆွဲခံရတာပါ။ လှိုင်သာယာက ရပ်ကွက်ရုံးကနေ အတင်းအကြပ် စစ်မှုထမ်းခေါ်ခံရတာ။ မြစ်သားက ၁ဦးက အိမ်မှာ ထမင်းစားနေရင်း စစ်တပ်ရဲ့ ပေါ်တာဝင်ဆွဲမှု ခံခဲ့ရတာ။ မြစ်သားက ၁ ဦးက စာမတတ်ဘူး။ သူက စာလည်း တစ်လုံးမှ မဖတ်ဘူး။ အိမ်မှာ ထမင်းစားနေရင်းနဲ့ ဝင်ဆွဲပြီးမှ တစ်ခါတည်း လက်မှတ်တွေ ဘာတွေ ထိုးခိုင်းပြီးမှ စစ်မှုထမ်း တစ်ခါတည်း ဆွဲခေါ်သွားတာ” ဟု ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဧပြီလမှစတင်ပြီး စစ်မှုထမ်းသင်တန်းများ လစဉ် ဖွင့်လှစ်ကာ လူငယ်များကို အတင်း အကျပ် ပေါ်တာဆွဲမှုများကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်နေကာ ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၁၅ အထိရောက်ရှိလာပြီဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
