25.7 C
Yangon

လောင်းလုံးတွင် စစ်ကြောင်းထိုးခဲ့သော စစ်ကောင်စီ တပ်သားများက ကညုံကျွန်းရွာသား ဦးမျိုးဇော်အောင်ကို လည်လှီးသတ်ဖြတ်ပြီး အသက် ၇၀ ကျော် အမျိုးသမီး ၁ ဦးကို အကြိမ်ကြိမ် မုဒိမ်းပြုကျင့်ခဲ့

Must read

ရန်ကုန်၊ ဇွန် ၂၆

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကြောင်းထိုးခဲ့သော စစ်ကောင်စီ တပ်သားများက ကညုံကျွန်းရွာသား ဦးမျိုးဇော်အောင်ကို လည်လှီးသတ်ဖြတ်ပြီး အသက် ၇၀ ကျော် အမျိုးသမီး ၁ ဦးကို အကြိမ်ကြိမ် မုဒိမ်းပြုကျင့်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်နှင့် Democracy Movement Strike Committee-Dawei မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့တွင် လောင်းလုံးမြို့ပေါ်မှ ကညုံကျွန်းကျေးရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများနှင့် ကညုံကျွန်းကျေးရွာမှ ပြည်သူ ၁၀၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းဖမ်းဆီးထားသော ပြည်သူများထဲမှ အသက် ၄၆ နှစ်အရွယ် ကညုံကျွန်းရွာသား ဦးမျိုးဇော်အောင် (ခ) ဦးမျိုးကြံအောင် ကို စစ်ကောင်စီ တပ်သားများက လည်လှီး သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို စစ်ကြောင်း ပြန်လည်ဆုတ်ခွာရာလမ်းရှိ စစ်ပြဲရွာနှင့် လောင်းလုံးမြို့ အကြားရှိ ဆီအုန်းတောထဲတွင် စွန့်ပစ်ထားခဲ့ကာ ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ဒေသပြည်သူများက ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကညုံကျွန်းရွာ တပ်စွဲနေစဉ် ကျန်းမာရေးမကောင်းသည့် ခင်ပွန်းဖြစ်သူကို ပြုစုရန် အသက် ၇၀ ကျော် အမျိုးသမီးသည် ထွက်ပြေး တိမ်းရှောင်ခြင်းမရှိဘဲ နေအိမ်၌ နေထိုင်နေစဉ် စစ်ကောင်စီ တပ်သား ဖိုးချေ ဆိုသူက ၅ ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားသည် အမျိုးသမီး၏ ခင်ပွန်းရှေ့တွင် အပါအဝင် နှစ်ရက်ဆက်တိုက် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ပြီး အဓ္ဓမပြုကျင့်ခဲ့သည့် အကြမ်းဖက် စစ်သားမှာ အသက် ၄၀ ကျော်အရွယ်ရှိပြီး အထက်အရာရှိများမှ ဖိုးချေဟု နာမည်ခေါ်ဆိုကြောင်း၊ လက်ရှိချိန်တွင် အမျိုးသမီးသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းစိတ်ဆိုင်ရာ ကျန်းမာရေး အခြေအနေများ ကျဆင်းလျက်ရှိပြီး အထူးစောင့်ရှောက်ရန်လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

“အမျိုးသမီး အခြေအနေကတော့ အမျိုးသမီး အင်္ဂါကနေ သွေးတွေ ထွက်နေပြီးတော့ အခု ဆေးခန်းပြထားရပြီးတော့ လက်ရှိဆေးကုသမှုရယ် ပြီးရင် အားဆေးတွေရယ် ပိုးသတ်ဆေးတွေ သောက်နေရတဲ့အခြေအနေတွေ စိတ်ပိုင်းဆိုင်ရာလည်း နည်းနည်းခံစားနေရတဲ့ အခြေအနေဖြစ်နေတယ်ပေါ့။ သူက စစ်ကောင်စီကို ကြောက်နေတဲ့ အနေထားအထား ဖြစ်နေတယ်” ဟု နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကညုံကျွန်းရွာတွင် တပ်စွဲနေထိုင်နေစဉ် နေအိမ် ၂ လုံးနှင့် ဆိုင်ကယ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ရာနှင့်ချီသော နေအိမ်များကို ဖောက်ထွင်း ဝင်ရောက်ကာ တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်သွားကြောင်းသိရသည်။

ဇွန်လ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာမှ လောင်းလုံးမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

Photo – အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သတ်ဖြတ်သွားသော အသက် ၄၆ နှစ်အရွယ် ဦးမျိုးဇော်အောင် (ခ) ဦးမျိုးကြံအောင်နှင့် ဖျက်ဆီးခံရသော နေအိမ်များ

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article