24.7 C
Yangon

ကမ္မတွင် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို PDF တပ်ဖွဲ့က နေ့စဉ် လိုက်လံ တိုက်ခိုက်နေပြီး မိုင်းထိ၍ ပျက်စီးသွားသော မြေတူးစက်ကို သိမ်းဆည်းရရှိကာ စစ်ကောင်စီ တပ်သား ၂ ဦးလည်း အလင်းဝင်

Must read

ရန်ကုန်၊ ဇွန် ၂၇

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကမ္မမြို့ အနီး ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို PDF တပ်ဖွဲ့က နေ့စဉ် လိုက်လံ တိုက်ခိုက်နေပြီး မိုင်းထိ၍ ပျက်စီးသွားသော မြေတူးစက် ၁ စီးကို သိမ်းဆည်းရရှိကာ စစ်ကောင်စီ တပ်သား ၂ ဦးလည်း အလင်းဝင်ရောက်လာကြောင်း ကမ္မဒေသ တော်လှန်ရေး တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့မှ စတင်ပြီး ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ ဒုတပ်မမှူး ဦးဆောင်သော ကား အစီးရေ ၁၂၀ ကျော်ခန့်နှင့် စစ်ကောင်စီ တပ်သား အင်အား ၁၀၀၀ ခန့်ပါသော ရိက္ခာပို့ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ပြင်းအားမြင့်မိုင်းများ၊ ပြောက်ကျား ပစ်ခတ်မှုများဖြင့် လိုက်လံ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများသည် လက်ရှိချိန်ထိ ဖြစ်ပွားနေဆဲဖြစ်ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကမ္မမြို့ အနီးတွင် ရှိနေကာ တော်လှန်ရေး တပ်ဖွဲ့များကလည်း တားဆီးပိတ်ဆို့ တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဇွန်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ စစ်ကောင်စီ တပ်သား ၂ ဦးသည်လည်း တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီ တပ်သားများ မိုင်းရှင်းလင်းရေး ပြုလုပ်စဉ် ထိခိုက်ပျက်စီးခဲ့သည့် မြေတူးစက်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၁၅ ဦးကိုလည်း လူသားဒိုင်း အဖြစ် ဆက်လက် ဖမ်းဆီးထားကြောင်း၊ အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်သည့် ကျေးရွာများ၊ သာသနာ့ အဆာက်အဦးများနှင့် စစ်ရှောင်ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းက အခုထိ ကမ္မမြို့ အနီးမှာရှိနေသေးတယ်။ တိုက်ပွဲကတော့ ဆက်လက်ဖြစ်ပွားနေတုန်းပဲ တိုက်ပွဲတွေအတွင်းမှာ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးတာတွေရှိပါတယ်။ ဖြစ်စဉ် အသေးစိတ်အခြေအနေကို ကျနော်တို့ ဆက်လက် ထုတ်ပြန်သွားပါ့တယ်။ စစ်ခွေး သတ်ဖြတ်သွားတာ ပြည်သူ ၃ ဦးပေါ့။ လေကြောင်း တိုက်ခိုက်လို့ သေဆုံးတာက ပြည်သူ ၄ ဦးရှိတယ်” ဟု ကမ္မဒေသ တော်လှန်ရေး တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို ကမ္မတပ်ပေါင်းစု၊ မြိုင်ပကဖ ၊ ပေါက်ပကဖ၊ ပခုက္ကူခရိုင် တပ်ရင်းများ၊ အမှတ် (၈) စစ်ကြောင်းနှင့် Local တပ်ပေါင်းစုများက လိုက်လံ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article