စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း TGYR- ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၂၄ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းများနှင့် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သော်လည်း ဒရုန်း ၂ စီး ပျက်ကျ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“စခတွေ ထိခိုက်မှုကတော့ ရှိနိုင်ပါတယ်။ တိုက်ခိုက်မှုအတွင်းမှာ ဒရုန်း ၂ စီး ပျက်ကျခဲ့ပါတယ်။ ပြန်ပစ်တာတွေလည်း ရှိပါတယ်။ ကျနော်တို့တပ်ဖွဲ့အနေနဲ့ နယ်မြေပိုင်းခြား ထားတာမျိုးမရှိပါဘူး။ ဒရုန်းတိုက်ခိုက်ရေးအဖွဲ့တွေ မြေပြင်တိုက်ခိုက်ရေးအဖွဲ့တွေဟာ လိုအပ်ရင် လိုအပ်လာလို အကူအညီတောင်းခံရင် သွားရောက်တိုက်ခိုက်နေပါတယ်။ ဒါကြောင့် ပါဝင် ထောက်ပံ့ ပေးကြဖို့နဲ့ တော်လှန်ရေးအမြန်အောင်အောင် အားတင်းထားပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု TGYR- ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုများကို TGYR-YouthGuerrillaCounterRevolution-NZ ပြောက်ကျားတပ်ဖွဲ့မှ TGYR-Drone Teams ၊ မြင်းမူမြို့နယ် ပကဖ (Black Eagle) ၊ ဧရာမြွေပွေးတပ်ဖွဲ့နှင့် ငါန်းဇွန်မြို့နယ် ပကဖ တိုက်နယ် ၁ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ပျင်းဖြူရွာ ဘုန်းကြီးကျောင်းတွင် ခေတ္တတပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း T5 Wings အဖွဲ့က ပြောဆိုသည်။
မေလ ၂၉ ရက်နေ့တွင် သရက်ချောင်းမြို့မှ ဝင်းဝစခန်းကို တပ်အင်အားတိုးရန် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်သား အင်အား ၇၀ ခန့်သည် ပျင်းဖြူသားဘုန်းကြီးကျောင်း၌ ခေတ္တခဏ တပ်စွဲ၍ ရေချိုးနေချိန် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို T5 Wings ဒရုန်းတပ်ဖွဲ့ ၊ အမှတ် (၁၈၁၄) ဒရုန်းတပ်ရင်း (DS -TNI ) ၊ နှင့် ဒေါင်းညီနောင် ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
