25.5 C
Yangon

လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သော စစ်ကောင်စီ တပ်သားများ လည်လှီးသတ်ဖြတ်ခဲ့သည့် ဦးခင်မောင်ဝင်းနှင့် ဦးလှဝင်း တို့၏ ရုပ်အလောင်းများ ထပ်မံတွေ့ရှိ

Must read

ရန်ကုန်၊ ဇွန် ၂၈

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လည်လှီးသတ်ဖြတ်ခဲ့သည့် ဦးခင်မောင်ဝင်းနှင့် ဦးလှဝင်း တို့၏ ရုပ်အလောင်းများ ထပ်မံတွေ့ရှိခဲ့ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့တွင် လောင်းလုံးမြို့ပေါ်မှ ကညုံကျွန်းကျေးရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများနှင့် ကညုံကျွန်းကျေးရွာမှ ပြည်သူ ၁၀၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် ကံညုကျွန်းရွာကို ဝင်ရောက် စီးနင်းစဉ်တွင် လယ်စိုက်နေသည့် အသက် ၄၇ နှစ်အရွယ် ဦးခင်မောင်ဝင်းကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို လယ်ကွင်းထဲတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၄ ရက်နေ့တွင် ယင်းစစ်ကြောင်းသည် လောင်းလုံးမြို့မှ ထားဝယ်မြို့ကို ပြန်လည် ထွက်ခွာလာစဉ် ဥယျာဉ်ခြံထဲတွင်ရှိနေသည့် အသက် ၅၅ နှစ်အရွယ် ဦးလှဝင်းကို ဖမ်းဆီးကာ လည်လှီးသတ်ဖြတ်ခဲ့ကြောင်း၊ ဦးလှဝင်း၏ ရုပ်အလောင်းကို ဇွန်လ ၂၇ ရက်နေ့တွင် ဒေသပြည်သူများက ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

“စစ်တပ် စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်း ၂ လောင်းကို ထပ်တွေ့တာပေါ့။ ကံညုကျွန်းရွာက ဦးခင်မောင်ဝင်းနဲ့

သဗျာရွာက ဦးလှဝင်းပေါ့။ ဦးခင်မောင်ဝင်း ရုပ်အလောင်းက တော်တော်ပုပ်ပွနေပြီ မျက်နှာ တစ်ခုလုံးလည်း ဘာမှမရှိတော့ဘူး။ အရိုးပဲ ကျန်တော့တယ်။ ပြီးတော့ ဝမ်းဗိုက်မှာ သေနတ် ဒဏ်ရာ တစ်ချက်တွေ့တယ်။ သူက နားမကြာဘူး။ လယ်ထဲမှာ အလုပ်လုပ်နေတုန်း သူ့ကိုခေါ်တာများလားမသိဘူး။ သူပဲ မကြားလို ပြန်မထူးတာနဲ့ အဲဒီလိုမျိုး ပစ်လိုက်တာလို့ ကျွန်တော်တို့ယူဆတယ်။ ဦးလှဝင်း ကတော့ လည်လှီးပြီးတော့ သတ်ဖြတ် ခံရတာ”ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ ပြန်ကြားရေးတာဝန်ခံ ကပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကညုံကျွန်းရွာသား ဦးမျိုးဇော်အောင် (ခ) ဦးမျိုးကြံအောင် ကိုလည်း လည်လှီး သတ်ဖြတ်ခဲ့ပြီး အသက် ၇၀ ကျော် အမျိုးသမီး ၁ ဦးကိုလည်း အကြိမ်ကြိမ် မုဒိမ်းပြုကျင့်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article