25.5 C
Yangon

NUG အစိုးရကို အသိအမှတ်ပြု ထိတွေ့ဆက်ဆံ နေသော တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင် ဖြစ်ခွင့်မပေးရန် မြန်မာစစ်ကောင်စီက အာဆီယံဥက္ကဋ္ဌထံသို့ စာပေးပို့

Must read

ရန်ကုန်၊ ဇူလိုင် ၂

အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြု ထိတွေ့ဆက်ဆံနေသော တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင် ဖြစ်ခွင့်မပေးရန် မြန်မာစစ်ကောင်စီက အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံထံသို့ ကန့်ကွက်စာပေးပို့လိုက်ကြောင်း သိရှိရသည်။

မြန်မာစစ်ကောင်စီက တီမောနိုင်ငံကို အောက်တိုဘာလတွင် အာဆီယံအဖွဲ့အတွင်းသို့ ဝင်ရောက်ခွင့်ပေးမည်ကို ထောက်ခံမည်မဟုတ်ကြောင်း လက်ရှိအာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံသို့ စာပေးပို့တရားဝင်အကြောင်းကြားလာခြင်းဖြစ်သည်။

တီမောနိုင်ငံသည် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းထားသည့်အတိုင်း တစ်နိုင်ငံ၏ ပြည် တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရေးမူကို လိုက်နာရန် ပျက်ကွက်ကြောင်း နေပြည်တော်က အာဆီယံဥက္ကဋ္ဌ မလေးရှားထံသို့ ပေးပို့သောစာတွင် အကြောင်းကြား ဖော်ပြထားသည်။

တီမောနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံနှင့် ဆန့်ကျင်နေသော အဖွဲ့အစည်းများ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG အပါအဝင် လက်ရှိ စစ်ကောင်စီကို ဆန့်ကျင်နေသော အဖွဲ့အစည်းများကို ထိတွေ့ ဆက်ဆံခြင်းမှ ရှောင် ကြဉ်ရန် စစ်ကောင်စီက တိုက်တွန်းသည်။

နေပြည်တော်က ပေးပို့သော စာတွင် တီမောအစိုးရက မြန်မာနိုင်ငံ၏ ပြည် တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပါက အာဆီယံ အဖွဲ့ဝင်အဖြစ် တီမောကို ဝင်ခွင့်ပေးရန် ထည့် သွင်း စဉ်းစားမှုကို ပြတ်ပြတ်သားသား ပယ်ချဆန့်ကျင်မည်ဖြစ်ကြောင်း ရေးသားထားသည်။

မလေးရှားနိုင်ငံတွင် ယခုနှစ် မေလနှောင်းပိုင်း ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် တီမောနိုင်ငံကို လာမည့်အောက်တိုဘာလနှောင်းပိုင်း အာဆီယံအဖွဲ့၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုရန် သဘောတူညီခဲ့ကြသည်။

တီမောအနေဖြင့် မြန်မာ့အရေးအတွက် ချည်းကပ်ပုံကို ပြန်လည်သုံးသပ်ပြီး မြန်မာနိုင်ငံအပေါ် ၎င်း၏မူဝါဒကို ပြန်လည်ပြင်ဆင်ရန် ပြတ်ပြတ်သားသား ကတိကဝတ်မပြမချင်း အာဆီယံအဖွဲ့ဝင် ဖြစ်ခွင့်ပေးရန် ထည့်သွင်းစဉ်းစားမှုများအားလုံးကို ဆိုင်းငံ့ထားရန် အာဆီယံဥက္ကဋ္ဌနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ မြန်မာစစ်ကောင်စီက တိုက်တွန်းသည်။

သို့ရာတွင် အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် NUG နှင့် ထိတွေ့ဆက်ဆံခြင်းများကို မေလအတွင်းတွင် တရားဝင် ပြုလုပ်ခဲ့သည်။

မေလ အာဆီယံထိပ်သီးအစည်းအဝေးတွင် စစ်ကောင်စီ၏ ကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အောင်ကျော်မိုးက တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကိစ္စနှင့် ပတ်သက်၍ မှတ်ချက်မပေးခဲ့ဟု သိရှိရသည်။

အရှေ့တီမောလက်စတေနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ဆက်ဆံရေးရုံးကို တရားဝင် ဖွင့်လှစ်ထားပြီး တီမော သမ္မတ ဟိုဆေးရာမို့ဟောတာက မြန်မာ့အရေးကို နိုင်ံငံတကာတွင် ပွင့်ပွင့်လင်းလင်း ထောက်ခံပြောဆိုလျက်ရှိသည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း တီမောနိုင်ငံသို့ သွားရောက်ခဲ့ပြီး နောက် ဆက်တွဲအနေ ဖြင့် NUG ၏ ဆက်ဆံရေးရုံးကို ၂၀၂၄ ခုနှစ်အတွင်း ဖွင့်လှစ်ခဲ့သည်။ NUG အစိုးရ တာဝန်ရှိသူများကို တီမောအစိုးရ သမ္မတနှင့်ဝန်ကြီးချုပ်တို့က အသိအမှတ်ပြု လက်ခံ တွေ့ဆုံသည့်အပြင် နိုင်ငံတကာတွင်လည်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်အာဏာသိမ်းမှုကို တီမောအစိုးရက ရှုတ်ချကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ဓာတ်ပုံ – တီမော သမ္မတ ဟိုဆေးရာမို့ဟောတာနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တီမော သမ္မတ ဟိုဆေးရာမို့ဟောတာနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article