ရန်ကုန်၊ ဇူလိုင် ၂
ရန်ကုန်တိုင်း၊ ရွှေပြည်သာ အမှတ် ၄ လမ်းမကြီးကို ၈ လမ်းသွားအဖြစ် ချဲ့ထွင်မည်ဟုဆိုကာ ထောင်ချီသော နေအိမ်များကို ၈ ရက်အတွင်း ဖယ်ခိုင်းနေပြီး ဂရန်ရှိ အိမ်ခြံမြေဝင်းများကိုပါ စစ်ကောင်စီက ဖျက်သိမ်းရန် ခြိမ်းခြောက်ဖိအားပေးနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ စစ်ကောင်စီက ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ လမ်းမကြီးကို ၈ လမ်းသွား လမ်းမကြီးအဖြစ် တိုးချဲ့မည်ဖြစ်၍ လမ်းနယ်နယ်မိတ်နှင့် မလွတ်သော နေအိမ်များ၊ အဆောက်အဦ၊ အဖီအဆွယ်၊ စျေးဆိုင်များကို ဇူလိုင်လ ၈ ရက်နေ့ နောက်ဆုံးထား၍ ဖျက်သိမ်းပေးရမည်ဖြစ်ကြောင်း စစ်ကောင်စီက သတိပေးစာများ ထုတ်ပြန်လာခြင်းဖြစ်သည်။
“အခု လမ်းချဲ့မယ်ဆိုပြီး ဖယ်ခိုင်းတာက အိမ်ခြေ ထောင်ချီ ဖယ်ပေးရမယ်။ ဖယ်ပေးရမယ့် အိမ်က တော်တော်များပါတယ်။ ရွှေပြည်သာ အမှတ် ၄ လမ်းမကြီး၊ ဒညင်းကုန်း လမ်းဆုံကနေ မှော်ဘီအထိ ဆိုတော့ အရမ်းများတယ်။ တကယ်တော့ အိမ်တွေက စည်ပင်မြေ ပေါ် ကျူးထားတာမရှိပါဘး။ မကျုးထားတဲ့အိမ်နဲ့ခြံမြေ ဝင်းတွေကိုပါ လမ်းနယ်နမိတ် ၅၁ ပေ ချဲ့တယ်ဆိုပြီး ဖျက်ခိုင်းနေတာ။ တချို့ လမ်းဘေးက အိမ်တွေဆို ဂရန်ရှိတာကို အိမ်နဲ့ခြံပါ ဖျက်ပေးရမယ့် အခြေ အနေတွေ ဖြစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီက ဖျက်သိမ်းခိုင်းနေသည့် နေအိမ်များနှင့် ရပ်ကွက်များမှာ စည်ပင်မြေကို ကျူးကျော်ခြင်းမဟုတ်ဘဲ ဂရန်မြေများ၊ ဘိုးဘွားပိုင်မြေများ ဖြစ်ကြပြီး ယင်းမြေများကို လျှော်ကြေးပေးလျှော်ခြင်းမရှိဘဲ စစ်တပ်က အတင်းအကျပ် အဓမ္မ ခြိမ်းခြောက် ဖျက်သိမ်းခိုင်းနေကြောင်း သိရှိရသည်။
” ဆိုင်းမဆင့် ဘုံမဆင့် စည်ပင်မြေလည်း ကျူးထားတာမဟုတ်ဘဲ ၈ ရက်အတွင်း အိမ်တွေ ဖျက်ပေးဆိုတော့ မိုးတွင်းကြီး ပြည်သူတွေ အဆင်မပြေကြဘူး။ လျှော်ကြေးလည်း ပေးမယ်လို့ ညှိနှိုင်းတာလည်းမရှိဘူး။ ပြည်သူတွေကို နှိပ်စက် ဖိနှိပ်နေတာ” ဟု နေအိမ်နှင့်စျေးဆိုင် ဖျက်သိမ်းပေးရမည့် ပြည်သူတစ်ဦးက ဆိုသည်။
နိုင်ငံတစ်ဝန်းတွင် အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထု၏ နေအိမ်များနှင့် ခြံဝင်းများကို ကျူးကျော်ဟုဆိုကာ မြေသိမ်းခြင်း၊ ကျူးကျော်မဟုတ်ဘဲ စီမံကိန်း မလွတ်ဟုဆိုကာ သိမ်းယူခြင်း၊ တပ်ပိုင်မြေအဖြစ် သိမ်းယူသည်ဟုဆိုကာ အတင်းအကျပ် နှင်ထုတ်ခြင်း စသည့် ဥပဒေမဲ့ လုပ်ရပ်များ မကြာခဏ ဆိုသလို ကျူးလွန်လျက်ရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိခဲ့သော သတင်းအချက်အလက်များနှင့် သက်သေအမိန့်ကြေညာစာများ အရ သိရှိရသည်။


