ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်သား အချင်းချင်း လက်နက်ကြီးဖြင့် မှားယွင်း ပစ်ခတ်ခြင်းကြောင့် ကျွဲမကိုင်းရွာတွင် ယာယီ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ ထိမှန်ပြီး ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ပစ်ခတ် တိုက်ခိုက်မှု အတွင်း ကျွဲမကိုင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးကျည် မှားယွင်း ထိမှန်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ဇူလိုင်လ ၁ ရက်နေ့ ညနေ ၅ နာရီ လောက်က မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာမှာ တပ်ဆွဲထားတဲ့ စစ်ခွေးတွေက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရှိတဲ့ ရိုးမပေါ်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာ ကျွဲမကိုင်းရွာက စစ်ခွေးအပေါ် ကျရောက် ပေါက်ကွဲပြီး ထိခိုက် သေဆုံးသူ များပြားတယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ထိုသို့ မှားယွင်း ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သား အချင်းချင်း ဖုန်းဆက် ဆဲဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဘန့်ဘွေးကုန်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် နေ့စဉ် မူးရူးပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။
