ရန်ကုန်၊ဇူလိုင် ၄
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ဝေါလေဗျူဟာကုန်းကို KNLA ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေပြီး ဒေသပြည်သူများမှာ ထိုင်းနိုင်ငံဘက်သို့စစ်ဘေးရှောင်ရန် တိမ်းရှောင်လာကြကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်နှင့် ထိုင်း-မြန်မာနယ်စပ်သတင်းရင်းမြစ်များ၏ ပြောဆိုချက် အရသိရှိရသည်။
ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့မှစတင်၍ ကရင်ပြည်နယ်၊ ထိုင်း − မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ဘက် ဝေါလေမြိုင်မြို့သစ်တွင်ရှိသည့် စစ်ကောင်စီ ၏ ဝေါလေစစ်ကောင်စီဗျူဟာကုန်းစခန်းကို KNLA နှင့် မဟာမိတ်တပ်များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဝေါလေရွာထဲသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ပြည်တချို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။
အဆိုပါ ဝေါလေမြိုင်မြို့သစ်နေရာရှိ စစ်ကောင်စီတပ်၏ ဝေါလေ စစ်ဗျူဟာစခန်း ၊ ဥကရစ်ထစစ်စခန်း၊ ထီသဲဘလယ်စခန်းတို့ကို KNLA မဟာမိတ်ပူးပေါင်းတပ်များက ပိတ်ဆို့ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ ဇူလိုင် ၄ ရက်နေ့တွင် စစ်ကောင်စီ၏ ဝေါလေဗျူဟာစစ်စခန်းကုန်းကို KNLAမဟာမိတ်တပ်များက အရှိန်အဟုန်မြှင့် ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်လာရာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ဝေါလေရွာဘက်ကို ပစ်ခတ်ခဲ့ခြင်း ကြောင့် ဒေသပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ထိုင်းနိုင်ငံ ဖုဖရဆေးရုံကို ပို့ဆောင်ပေးထားကြောင်း ဝေါလေရွာသားတစ်ဦးကပြောသည်။
ထိုင်း-မြန်မာနယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဝေါလေရွာမှ ဒေသပြည်သူရာနှင်ချီ၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်း ရှောင်နေကြောင်း၊ စစ်ဘေးရှောင် ပြည်သူများကို ထိုင်းစစ်တပ်က ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးနေကြောင်း သိရှိရသည်။
မြန်မာဘက်အခြမ်းတွင် တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် ထိုင်းစစ်တပ်က နယ်စပ်တွင် စစ်ရေး အသင့်ပြင်ကာ စောင့်ကြည့်နေပြီး လက်နက်ခဲယမ်းအပြည့်အစုံ နေရာယူ လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရှိရသည်။
KNU က ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးကို ထိန်းချုပ် သိမ်းပိုက်ရန် စစ်ကောင်စီ တပ်စခန်း ၃ ခု သာ သိမ်းပိုက်ရရှိရန် ကျန်ရှိတော့ပြီး အဆိုပါစခန်းများမှာ ဥကရစ်ထ၊ ဝေါ်လေဗျူဟာကုန်းနှင့် တီသဲလယ် စစ်တပ်စခန်း တို့ဖြစ်ကြောင်း သိရှိရသည်။
KNU က မတ်လ၊ ဧပြီလ၊ မေလနှင့် ဇွန်လတို့တွင် ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်းများ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနှင့် ရွှေအေးမြိုင်တပ်စခန်း၊ ဇွန်လ ၃ ရက်နေ့တွင် သေ့ဘောဘိုးစခန်း၊ ဇွန်လ ၂၂ ရက်နေ့တွင် ထီးကပလယ်စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









