ရန်ကုန်၊ ဇူလိုင် ၄
UNHCR India ရုံးတွင် ဒုက္ခသည် အဖြစ် မှတ်ပုံတင်ကာ အကာအကွယ်တောင်းခံခဲ့သည့် မြန်မာနိုင်ငံသားများ၏ လျှို့ဝှက်ရမည့် ကိုယ်ရေးအချက်အလက်များကို UNHCR India ရုံးက အိန္ဒိယအစိုးရထံ လွှဲပြောင်းပေးခဲ့၍ UNHCR India ရုံးကို အရေးယူပေးရန် အဖွဲ့အစည်း ၁၄၁ ဖွဲ့က UNHCR ရုံးချုပ်ကို တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း India For Myanmar အဖွဲ့ထံက သိရှိရသည်။
မြန်မာဒုက္ခသည်များသည် လုံလောက်သည့် အကာအကွယ်မရှိဘဲ လျှို့ဝှက်ရမည့် ကိုယ်ရေးအချက်အလက်များကို UNHCR India ရုံးက လွှဲပြောင်းပေးခဲ့သည့်အတွက် ဒုက္ခသည်များ၏ အသက်အန္တရာယ်နှင့် လုံခြုံရေး ဆိုးရွားစွာ ထိခိုက်ခဲ့ပြီး မြန်မာဒုက္ခသည်များအပါအဝင် အိန္ဒိယနိုင်ငံတွင် ခိုလှုံသူများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမဲ့သော လုပ်ရပ်များကို ဖြေရှင်း အရေး ယူပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဓိကအားဖြင့်တော့လေ UNHCR က ဒုက္ခသည်တွေ အချက်အလက်ကို လွှဲပေးတယ်ဆိုတဲ့ဟာက အတော်လေးကို အန္တရာယ်များတဲ့ဟာမျိုးပေါ့နော်။ လွှဲပေးတယ်ဆိုရင်တောင်မှ ဒီအချက်အလက်ကို အသုံးပြုပြီးတော့ အိန္ဒိယအစိုးရက ဖမ်းတာဆီးတာ မလုပ်ရဘူးဆိုတဲ့ အာမခံချက်ပါတော့ ပါသင့်တယ်။ တကယ်လို့ မဖြစ်မနေလွှဲရမယ့်ဟာမျိုး ဆိုရင်တောင်မှ။ အခုက UNHCR လွှဲပေးတဲ့အချက်အလက်ကို အခြေခံပြီးတော့မှ အိန္ဒိယအစိုးရက ရိုဟင်ဂျာတွေ ဖမ်းတဲ့အချိန်မှာလည်း အသုံးပြုတယ်။ နောက်ပြီးတော့မှ မြန်မာနိုင်ငံသား တက်ကြွလှုပ်ရှားသူတွေလည်း ဝင်ပြီးတော့မှ စစ်ဆေးတာတွေ ဘာတွေ လုပ်တယ်ဆိုတော့ အဲဒီဟာမျိုးတွေက တော်တော်လည်း မဖြစ်သင့်တဲ့ ကိစ္စမျိုးဖြစ်တယ်။ အခုက ဖြစ်ဂလဲ့ဆန်း လုပ်တဲ့ဟာမျိုးဖြစ်တဲ့ အတွက် ကျွန်တော်တို့ စိတ်မကောင်းဘူး”ဟု India for Myanmar က တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည် ။
ဒုက္ခသည်အဖြစ် လျှောက်ထားသူများထဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ ပစ်မှတ်ထား ခြိမ်းခြောက်မှုခံနေရသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်သူများနှင့် အခြားလုံခြုံရေး အထူးလိုအပ်သူများ အများအပြား ပါဝင်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်အာဏာသိမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံတွင် ခိုလှုံရန် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်သည် UNHCR India ရုံးတွင် ဒုက္ခသည်အဖြစ် လျှောက်ထား၍ အကာအကွယ်တောင်းခံခဲ့ကြခြင်းဖြစ်ပြီး UNHCR India ရုံးက ၎င်းတို့၏ အချက်အလက်များကို အိန္ဒိယအစိုးရကို လွှဲပြောင်းပေးခဲ့သည့်အတွက် အိန္ဒိယအစိုးရက UNHCR ထံမှ ရရှိသည့် အချက်အလက်များကို သုံးကာ မြန်မာနိုင်ငံသား ၂၆၁ ဦးကျော်ကို နိုင်ငံခြားသားဥပဒေနှင့် ဖမ်းဆီးခဲ့ကြောင်း၊ ထိုအထဲတွင် အမျိုးသမီး ၆ ဦးသည် အကျဉ်းထောင်အတွင်းပင် ကလေးမွေးဖွားခဲ့ရပြီး အမျိုးသား ၂ ဦးလည်း အကျဉ်းထောင်အတွင်း သေဆုံးခဲ့ရကြောင်း သိရှိရသည်။
အဆိုးရွားဆုံးဖြစ်ရပ်သည် လူပေါင်း ၁၃၄ ဦးကို အသက်အန္တရာယ် ခြိမ်းခြောက်မှုရှိသည့် အကြမ်းဖက်စစ်ကောင်စီလက်ထဲ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လုပ်ရပ်သည် နိုင်ငံတကာဥပဒေပါ Non-refoulement Principle ((မိခင်နိုင်ငံသို့ အတင်းအကျပ် ပြန်မပို့ရခြင်းမူ) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း ၊ ပြန်ပို့ခံရသူများနက် ၃၄ ဦးသည် အကြမ်းဖက်စစ်ကောင်စီ၏ ဆက်လက် ဖမ်းဆီဂခြင်းကို ခံနေကြရပြီး ၁၂၅ ဦးမှာ ထောင်ဒဏ်ကျခံပြီးသော်လည်း လွတ်မြောက်ခြင်းမရှိဘဲ နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းများတွင် ဆက်လက်ချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်း တိုင်ကြားစွာတွင် ပါရှိသည်။
ထို့ပြင် မေလ ၆ ရက်နေ့တွင် ရိုဟင်ဂျာဒုက္ခသည် ၄၀ ဦးကို အိန္ဒိယအစိုးရက နေအိမ်များတွင် အတိအကျ ဝင်ရောက်ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည့် ဖြစ်စဉ်သည် UNHCR India ထံမှ အချက်အလက်များ လွှဲပြောင်းပေးမှုကြောင့် ဖြစ်ပြီး ထိုကဲ့သို့ စနစ်တကျ ပစ်မှတ်ထား ဖမ်းဆီးနိုင်ခြင်းကြောင့် ရိုဟင်ဂျာ ဒုက္ခသည်များအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိကာ ၎င်းတို့၏ နေအိမ် များတွင် မနေရဲတော့ဘဲ အိုးမဲ့အိမ်မဲ့ ရွှေ့ပြောင်းနေထိုင်နေကြရကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။
အိန္ဒိယအာဏာပိုင်များသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှစတင်၍ UNHCR India၏ အချက်အလက်များကို အခြေခံကာ မြန်မာနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နေထိုင်ရာ နေအိမ်များသို့ အကြောင်းမဲ့ ဝင်ရောက်စစ်ဆေးခြင်း၊ နိုင်ငံခြားသား မှတ်ပုံတင်ရုံး (FRRO) သို့ မဖြစ်မနေ လာရောက်ရန် ဆင့်ခေါ်ခြင်း၊ နယူးဒေလီမြို့ ပြင်သို့ မထွက်ခွာရန်နှင့် နေအိမ်မပြောင်းရွှေ့ရန် တားမြစ် ကန့်သတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ အဆိုပါ လုပ်ရပ်များသည် မြန်မာနိုင်ငံတွင် လုံခြုံမှုမရှိ၍ UNHCR India ၏ အကာအကွယ်ကို ယုံကြည်စွာ တောင်းခံခဲ့သော တက်ကြွလှုပ်ရှားသူများ အတွက် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်စေပြီး ၎င်းတို့၏ လုံခြုံရေးကို အကြီးအကျယ် စိုးရိမ်နေကြရကြောင်း တိုင်ကြားစာတွင် ပါရှိသည်။
ထိုသို့ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသော ဒုက္ခသည်များက UNHCR India ရုံးနှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သော Socio-Legal Information Centre (SLIC) သို့ အီးမေးလ်များ၊ ဖုန်းခေါ်ဆိုမှုများဖြင့် အကြိမ်ကြိမ် အကူအညီ တောင်းခံခဲ့သော်လည်း မည်သည့်တုံ့ပြန်မှု၊ အကူအညီနှင့် အကာအကွယ်ကိုမျှ မရရှိခဲ့သည်မှာလည်း UNHCR India ရုံး၏ ဒုက္ခသည်များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု လုံးဝကင်းမဲ့မှုကို ပို၍ ထင်ရှားနေကြောင်း၊ အဆိုပါ လုပ်ရပ်များသည် ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းများနှင့် UNHCR ၏ ကိုယ်ပိုင် ကျင့်ဝတ်စည်းမျဉ်းများဖြစ်သော လျှို့ဝှက်မှု (Confidentiality) ၊ အကာအကွယ်ပေးရန် တာဝန် (Duty of Care)နှင့် Non-refoulement တို့ကို ဆိုးရွားစွာ ချိုးဖောက်နေခြင်းဖြစ်ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။
ထို့ကြောင့် အဆင့်မြင့်မင်းကြီးအနေဖြင့် UNHCR India ရုံး၏ ဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များကို အကာ အကွယ်မဲ့စွာ လွှဲပြောင်းပေးနေခြင်းကို ချက်ချင်းရပ်တန့်ရန်နှင့် ဒုက္ခသည်များ၏ အချက်အလက် လုံခြုံရေးကို အပြည့်အဝ အာမခံရန်၊ တာဝန်မဲ့သော လုပ်ရပ်များအတွက် UNHCR India မှ တာဝန်ရှိသူများကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ အရေးယူပေးရန်၊ UNHCR India ရုံးတွင် ခိုလှုံခွင့်လျှောက်ထားသည့် မြန်မာနိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် ဒုက္ခသည်များ၏ လုံခြုံရေးနှင့် စိန်ခေါ်မှုများကို အမြန်ဆုံး ဖြေရှင်းပေးရန် အိတ်ဖွင့်တိုင်ကြားစွာတွင် တောင်းဆိုထားသည်။
ထို့ပြင် UNHCR သည် ဒုက္ခသည်များ၏ နောက်ဆုံးမျှော်လင့်ချက်နှင့် အားကိုးရာဖြစ်ပြီး အဆိုပါ မျှော်လင့်ချက် ပျက်သုဉ်းမသွားစေရန်နှင့် ဒုက္ခသည်များ၏ အသက်အန္တရာယ်ကို ကာကွယ်ရန် အတွက် အဆင့်မြင့်မင်းကြီးအနေဖြင့် အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်ပေးမည်ဟု အခိုင်အမာ မျှော်လင့်ကြောင်းလည်း ပြည်တွင်း ပြည်ပ အဖွဲ့အစည်း ၁၄၁ ဖွဲ့က စုပေါင်းထုတ်ပြန်သည့် တိုင်ကြားစာတွင် ဖော်ပြထားသည်။
