ရန်ကုန်၊ ဇူလိုင် ၉
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ရေယာဉ်အုပ်စုကို တိုက်ခိုက်ရာ သင်္ဘော ၂ စီး ပျက်စီးပြီး စစ်သားများ ထိခိုက်မှုရှိကြောင်း ဆားလင်းကြီးမြို့နယ် လက်ရုံးတပ် Monywa inventor မှ တိုက်ခိုက်ရေး ခေါင်းဆောင် မိုးသောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော အကြမ်းဖက် စစ်တပ်၏ သင်္ဘော ၃၃ စီးပါ ရေယာဉ်အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက ဆားလင်းကြီးမြို့နယ် အတွင်း ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်၏ ရေယာဉ် ၁ စီး မီးလောင်ခဲ့ပြီး ရေယာဉ် ၁ စီး ပျက်စီးကာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ချင်းတွင်းမြစ်ကြောင်း အတိုင်း တက်လာသော စစ်ရေယာဉ် ၃၃ စီးရဲ့ ရှေ့ပြေး ရေယာဉ်တွေကို လက်နက်ကြီး၊ လက်နတ်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်က ရေတော်ယာဉ် ၁ စီး မီးလောင်ခဲ့တယ်။ ၁ စီးကတော့ ပျက်စီးသွားတယ်။ ပျက်စီးသွားတဲ့ သင်္ဘောကတော့ မြစ်ကမ်းဘေးမှာရပ်ထားတယ်။ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိပေမယ့် အတိအကျတော့ မသိရသေးဘူး။ ပျက်နေတဲ့ သင်္ဘောက ရွာတစ်ရွာနားမှာဆိုတော့ ပြည်သူတွေ အခုထိ ရွာထဲမဝင် နိုင်သေးဘူး” ဟု ဆားလင်းကြီးမြို့နယ် လက်ရုံးတပ် Monywa inventor မှ တိုက်ခိုက်ရေး ခေါင်းဆောင် မိုးသောက်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဆားလင်းကြီးမြို့နယ် လက်ရုံးတပ် Monywa inventorနဲ့အတူ ချင်းတွင်းဒိုင်းနမိုက် ၊ Solo Aung Gyi ၊ Salingyi ၊ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ ၊ Salingyi ၊ 5/ကွန်မန်ဒိုဖို့ မုံရွာခရိုင်တပ်ရင်း (၄)တပ်ခွဲ(၂) ၊ Goeldden Eagle မုံရွာခရိုင် နှင့် တိုက်နယ်B4 အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
















