ရန်ကုန်၊ ဇူလိုင် ၁၀
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိစာသင်တိုက်၏ ကျောင်းထိုင်နာယကဆရာတော်ဖြစ်သော ရွှေညဝါဆရာ တော်ဟု ထင်ရှားကျော်ကြားသော အရှင်ပညာသီဟမှာ စစ်အာဏာရှင်အဆက်ဆက်ကို ဓမ္မနည်းလမ်းဖြင့် တော်လှန်ခဲ့သော ဆရာတော်တစ်ပါးဖြစ်သည်။ ၂၀၀၄ ခုနှစ်မှ စတင်ကာ ရန်ကုန်-ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ကာ ဗုဒ္ဓစာပေများကို ခေတ်နှင့်အညီ သင်ကြား ပို့ချပေးခဲ့သော ဆရာတော်လည်းဖြစ်သည်။
စစ်အာဏာရှင် သန်းရွှေလက်ထက် ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်တွင် စစ်အာဏာရှင်တို့ မျက်မုန်းကျိုးသော နိုင်ငံရေး အခမ်းအနားများ၊ အမျိုးသားအောင်ပွဲနေ့ အခမ်းအနား၊ ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရခြင်း နှစ် ၂၀ ပြည့်အခမ်းအနား စသည်တို့ကို ဆရာတော်က ကျင်းပခွင့်ပေးခဲ့ပြီး ထိုအချိန်က နိုင်ငံရေးဆိုင်ရာပွဲများ၊ NLD ပါတီနှင့်ပတ်သက်သော အလှူအတန်းများကို မည်သည့် ဘုန်းကြီးကျောင်းကမှ လက်ခံကျင်းပမှု မပြုရဲကြပေ။
စစ်တပ်က ဆရာတော်ကို မကြာခဏဆိုသလို ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည့်အပြင် ၂၀၁၁-ခု၊ ဖေဖော်ဝါရီ ၁ဝ ရက်နေ့မှစ၍ ၂ဝ၁၂ ဖေဖော်ဝါရီ ၁၁ နေ့အထိ ၁ နှစ် တရားမဟောရန် ပိတ်ပင်ခဲ့သည့်အပြင် ဆရာတော်ကို သာဓုကျောင်းတိုက်တွင် သီတင်းသုံးခွင့်မပြုဘဲ နှင်ထုတ်ခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ စစ်တပ်လက်အောက်ခံ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆရာတော်ကို သာဓုကျောင်းတိုက်မှ နှင်ထုတ်ခဲ့သည်။
အကြမ်းဖက် မင်းအောင်လှိုင် စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် စစ်တပ်က ဆရာတော်ကို ဖမ်းဆီးခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ရက်မှာ အင်းစိန်ထောင် အထူးတရားရုံးကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။ ၂၀၂၂ ခုနှစ် နိုဝင် ဘာ ၁၇ရက်နေ့တွင် ရွှေညဝါဆရာတော်မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ဦးမြအေး၊ စာရေးဆရာ မောင်သာချို၊ ဒေါက်တာမျိုးညွှန့် တို့နှင့်အတူ ပြန်လည် လွတ်မြောက်လာခဲ့သည်။
ထောင်မှ လွတ်မြောက်လာပြီးနောက် ဆရာတော်သည် အသည်းရောဂါ ဝေဒနာကို အပြင်းအထန်ခံစားရပြီးနောက် ပျံလွန်တော်မူသွားခြင်းဖြစ်သည်။ ဆရာတော်သည် ဓမ္မစရိယ၊ ပါရဇိကဏ်ကျမ်းစွဲအောင်မြင်ခဲ့သလို အမျိုးသားဓမ္မာစရိယ စာမေးပွဲတွင် သာသနာပါလဓမ္မာစရိယဘွဲ့ကို ရရှိတော်မူခဲ့သည်။
ဆရာတော်၏ ရုပ်ကလပ်တော်ကို ယနေ့ နံနက်ပိုင်း ဆရာတော်သီတင်းသုံးခဲ့ရာ မှော်ဘီမြို့ရှိ ရွှေညဝါတောရ သာသနာပြုကျောင်းတိုက်သို့ ပြန်လည် ပင့်ဆောင်ခဲ့ပြီဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


