28.4 C
Yangon

စစ်ကောင်စီက ထုတ်လုပ်ထားသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်က မဲရလဒ် များကို လိုသလို ချက်ချင်း အပြောင်းအလဲလုပ်နိုင်ပြီး သက်သေမကျန်

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်ရန် ကြံရွယ်နေသည့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာ အီလက်ထရောနစ်မဲပေးစက်မှာ မဲပေးထားသည့် မဲရလဒ်များကို ချက်ချင်းဆိုသလို အပြောင်းအလဲလုပ်နိုင်ကြောင်း မဲပေးစက်အသုံးပြုမှု သင်တန်းတက်ရောက်နေသည့် ကျောင်းဆရာမတချို့က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လက်ရှိ စတင်ဖွင့်လှစ်နေသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွား သင် တန်းကို တက်ရောက်နေသည့် ကျောင်း ဆရာမ တချို့၏ အဆိုအရ ယင်းစက်များမှာ မဲရုံမှူး၊ထိန်းကျောင်းမည့် နယ်မြေခံ ရပ်/ကျေး ရွေး ကောက်ပွဲတာဝန်ခံတို့က မဲရလဒ်ကို အပြောင်းအလဲ လုပ်နိုင်ကြောင်း ပြောဆိုသည်။

“ဒီမဲပေးစက်က မဲရုံမှူးနဲ့ နယ်မြေခံ ရပ်/ကျေး ရွေးကော်လူကြီးတွေ တညီ တညွတ်တည်း မဲရလဒ်ကို ချက် ချင်း အပြောင်းအလဲ လုပ်လို့ရတယ်။ အရင် ရွေးကောက်ပွဲတွေမှာ မဲရလဒ်ကို မသင်္ကာရင် မဲပေးထားတဲ့ မဲလက် မှတ်တွေကို ပြန်ရေတွက်ခိုင်းပြီး စိစစ်လို့ရတယ်။ မဲပေးစက်ကတော့ အဲဒီလို Record ၊ မဲလက်မှတ်အရေအတွက် မကျန်တော့ မဲရုံမှူး၊ ရပ်/ကျေးရွေးကောက်ပွဲ ကော်မ ရှင်တွေရဲ့ လက်ထဲမှာပဲရှိတယ်။ သက်သေမကျန်ဘူး။ မဲရလဒ်ကို အပြောင်း အလဲ ဖြစ်သွားနိုင်တယ်။ နောက်ပြီး ဒီစက်က ပြည်သူတစ်ဦး မဲပေးပြီးချိန် ထုတ် ပေးလိုက်တဲ့ မဲစက္ကူဖြတ်ပိုင်းက မဲလက်မှတ်အဖြစ် သက်သေ ကျန်ခဲ့တာမျိုးမဟုတ်ဘူး။ စတိုးဆိုင်မှာ စျေးဝယ်ပြီး ငွေရှင်းတဲ့အခါ ကွန်ပျူတာစနစ်နဲ့ စျေးဝယ်တဲ့သူအတွက် ငွေရှင်းဘောက်ချာ ပေးလိုက် ပေမယ့် အဲဒီဘောက် ချာက သက်သေခံလက်မှတ်အဖြစ် မှတ်တမ်းတင်ထားတာမျိုးမဟုတ်ဘူး။ အန္တ ရာယ် ကြီးတယ်” ဟု သင်တန်းတက်ရောက်နေသည့် ကျောင်းဆရာမတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီက ထုတ်လုပ်နေသော မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM) စနစ်တွင် အစိတ် အပိုင်း သုံးခုဖြင့် ဖွဲ့ စည်းတည် ဆောက်ထားပြီး ဆန္ဒပြုစက် (Ballot Unit-BU)၊ ထိန်းချုပ်စက် (Control Unit -CU) နှင့် မဲပေးချက်ဖော်ပြသည့်စက် (Verification Unit -VU) တို့ဖြစ်ပြီး မဲပေးရာတွင် မဲဆန္ဒ ရှင်က မဲလက်မှတ်အသုံးပြုရန်မလိုဘဲ ဆန္ဒပြုစက်တွင် မိမိနှစ်သက်ရာ လွှတ်တော်ကိုယ်စား လှယ်ကို ခလုတ်ကိုနှိပ်ကာ မဲပေးနိုင်မည်ဖြစ်ကြောင်း၊ မဲပေးထားချက် မှန်/မမှန်ကို မဲပေးချက်ဖော်ပြသည့် စက်မှထွက်ပေါ်လာသည့် မဲစက္ကူဖြတ်ပိုင်းတွင် ချက်ချင်းကြည့်ရှုနိုင်မည်ဟု စစ်ကောင်စီက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လာမည့် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အလုံးရေ ငါးသောင်းခွဲနီးပါးထုတ်လုပ် ဖြန့်ဖြူးအသုံးပြုသွားမည်ဖြစ်ကြောင်း၊ ရွေး ကောက်ပွဲ၌ မဲလက်မှတ်စာရွက်ဖြင့်မဲပေးခြင်းအစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးရန် ပထမဆုံးပြောင်းလဲဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီက မြန်မာအီလက်ထရောနစ် မဲပေးစက် အသုံးပြုနည်း သင်တန်းများကို ပို့ချနေသော် လည်း ယင်းစက်ကို မည်သည့်နည်းပညာဖြင့် ထုတ်လုပ်ထားသည်ကို သင်တန်းတက်ရောက်သည့် ဝန်ထမ်းများနှင့် နယ်မြေခံ ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များကို ရှင်းပြခြင်း မရှိကြောင်း၊ အသုံးပြု နည်းနှင့် ထိန်းချုပ်နည်းများကိုသာ ရှင်းလင်းပြောဆိုကြောင်း သိရှိရသည်။

“သင်တန်းမှာက ဘယ်လို အသုံးပြုလဲ။ မဲရလဒ် ဘယ်လိုကြည့်လဲဆိုတာပဲ ပြတယ်။ ထိန်းချုပ်ခန်းက ဘယ်လို ကြည့်ရတယ် ဒါလောက်ပဲ။ ဘယ်က ထုတ်တယ်။ ဘယ်သူ့နည်းပညာလဲဆိုတာလည်း မရှင်းပြဘူး။ မဲရုံမှူးနဲ့ သက်ဆိုင်ရာ နယ်မြေခံ ရွေးကော်ပွဲကော်မရှင် လူကြီးတွေ ပေါင်းပြီး လိမ်ရင် ဘာသက် သေမှ မကျန်ဘူး။ စက်နဲ့ ရလဒ်က ထိန်းချုပ်သူရဲ့ လက်ထဲမှာ အဓိကပဲ။ Auto စနစ် မဟုတ်ဘူး။ အားလုံးက ထိန်းချုပ်သူရဲ့ Manual အောက်မှာပဲရှိတာ။ ထိန်းချုပ်ထားသူက အပြောင်းအလဲလုပ်မယ်ဆိုရင် အချိန်မရွေးလုပ်လို့ရတယ်” ဟု သင် တန်းတက်ရောက်နေသည့် အခြားဝန်ထမ်းတစ်ဦးကလည်း ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက NLD ပါတီ အပြတ်အသတ်အနိုင်ရရှိခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ကာ ၎င်းကိုယ်တိုင်စီစဉ်သည့် ရွေး ကောက်ပွဲကို ယခုနှစ်နှစ်ကုန်ပိုင်းတွင် ကျင်းပပြုလုပ်ရန် စီစဉ်နေခြင်းဖြစ် သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article