နေပြည်တော်နှင့် စစ်ကိုင်း မြို့နယ် တို့မှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း အပတ်စဉ် ၁၂ မှ တပ်သားသစ် ၆ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ဒေါင်းစစ်အောင် (Local PDF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇူလိုင်လ ၁၃ ရက်နေ့တွင် စလင်းမြို့နယ်၊ စလင်းမြို့နယ် အခြေစိုက် ခလရ ၂၅၃ ၊ ၂၅၄ နှင့် ၂၅၅ တပ်ရင်းတို့မှ စစ်မှုထမ်း တပ်သားသစ် ၆ ဦးသည် လက်နက် ယူဆောင်လာနိုင်ခြင်း မရှိဘဲ ဒေါင်းစစ်အောင် (Local PDF) အပါအဝင် ညီနောင်မဟာမိတ် ၃ဖွဲ့ ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အလင်းဝင်ရောက် လာသူများထဲတွင် နေပြည်တော် လယ်ဝေးမြို့မှ ၂ ဦး နှင့် စစ်ကိုင်းမြို့နယ်မှ ၄ ဦး ဖြစ်ပြီး စစ်မှုထမ်း တပ်သားသစ် ၆ ဦးလုံးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့က နောက်တန်းမှာ နေရတာဆိုတော့ လက်နက်ခဲယမ်း ပေးမထားဘူး ပေးမကိုင်ဘူးလို့ သိရတယ်။ ကျွန်တော်တို့ ဒေါင်းစစ်အောင် Local PDF အဖွဲ့ အပါအဝင် ကျွန်တော် ညီနောင်မဟာမိတ် ၃ ဖွဲ့ကို အဓိက တိုက်ရိုက်ချိတ်ဆက်ပြီးတော့ ဝင်လာတာပါ။ စစ်မှုထမ်း သင်တန်း အပတ်စဥ်ကတော့ ၁၂ ကပါ။ တစ်ချိန်တည်းမှာ ၆ ဦးစလုံး ထွက်လာတာပါ။ သူတို့ကတော့ စစ်မှုထမ်းသင်တန်းကိုတော့ ၆ ဦး စလုံးက ဗထူး သင်တန်းကျောင်းဆင်းပါ။ ၂ ယောက်ကတော့ လယ်ဝေးဘက်ကပါ။ ကျန် ၄ ဦးကတော့ စစ်ကိုင်းဘက်ကပါ။ သူတို့တွေ အကုန်လုံးကို စစ်ခွေးတွေက ပေါ်တာဆွဲ ဖမ်းဆီးခဲ့တာလို့ ထွက်ဆိုထားပါတယ်” ဟု ဒေါင်းစစ်အောင် LPDF မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
ယင်း စစ်မှုထမ်း တပ်သားသစ် ၆ ဦးလုံးကို ကောင်းမွန်စွာ စောင့်ရှောက်လာပြီး ထပ်မံ အလင်းဝင်ရောက်လာသူများကိုလည်း ဆက်လက် ကြိုဆိုနေကြောင်း ဒေါင်းစစ်အောင် LPDF က အသိပေးနှိုးဆော်ထားသည်။
