မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် စဉ့်ကူရဲစခန်းကို တိုက်ခိုက်ခဲ့ရာ စဉ့်ကူ စခန်းမှူးအပါအဝင် ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Bagan Bo Cho တပ်ဖွဲ့တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ညောင်ဦးမြို့နယ်၊ မီးလောင်ဖျားတောင်ရွာကို မီးရှို့ရန်ထွက်လာသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်မိုင်း၊ နင်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အထိနာပြီး ပြန်လည် ဆုတ်ခွာ ထွက်ပြေးစဉ် ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံးမှုရှိပြီး စစ်သား မသာ အလောင်းနှင့် ဒဏ်ရာရသူများကို သယ်ဆောင်ကာ မီးလောင်ဖျားမြောက်ရွာသို့ ဆုတ်ခွာပြေးသွားကြောင်း၊ မီးလောင်ဖျားမြောက်ရွာ အရောက်တွင် စစ်ကောင်စီ တပ်သားများက ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အလုံး ၉၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။
ယင်း စစ်ကြောင်းသည် ဥယျာဉ်ကျေးရွာဘက်ကို ဆက်လက် ဆုတ်ခွာလာစဉ် ရွာအနီးရှိ တဲ ၂ လုံးကိုလည်း ထပ်မံ မီးရှို့ဖျက်ဆီးကာ အရပ်သား ပြည်သူ ၈ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း၊ တိုက်ပွဲအတွင်း ဒဏ်ရာရ စစ်သားများကိုလည်း ညနေပိုင်းတွင် ကား ၃ စီးဖြင့် ညောင်ဦးဆေးရုံသို့ ပို့ဆောင်ကာ ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများသည် ညောင်ဦးမြို့အနီးရှိ အမှတ် ၄၁၅ ခြေလျင်တပ်ရင်းထဲသို့ ဝင်ရောက်သွားကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်လည်း စဉ့်ကူရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စဉ့်ကူစခန်းမှူးအပါအဝင် စစ်သားအများအပြား ဒဏ်ရာရရှိပြီး စဉ့်ကူ ရဲစခန်းမှူးသည် ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း၊ ဇူလိုင်လ ၁၃ ရက် နေ့တွင်လည်း စဉ့်ကူရဲစခန်းကို ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
“သေဆုံးတာက စဉ့်ကူစခန်းက ရဲစခန်းမှူးတစ်ယောက်ပဲ သတင်းရတယ်။ ဆေးရုံရောက်မှ သေတာ၊ စစ်ကြောင်းမှာ သေတာက လည်း ၅ ယောက်လို့ သိရတယ်။ ဒဏ်ရာရတာတွေကများတယ်။ အပြင်းအထန် ဒဏ်ရာရတာတွေရောပဲ အတိအကျသိရဖို့ကတော့ စာရင်းပြုစုရအုံးမှာ နေအိမ်က မီးလောင်ဖျား တောင်ရွာ၊ မြောက်ရွာ ပေါင်းရင် အလုံး ၉၀ လောက် မီးရှို့ခံရတယ်။ အစကတည်းက မီးရှို့ဖို့ ဓာတ်ဆီဘူးတွေပါ ယူလာတာ ဖမ်းသွားတဲ့ ပြည်သူ ၈ ဦး ကတော့ နောက်ရက်မှာ ပြန်လွှတ် ပေးလိုက်တယ်လို့ သတင်းရထားပါတယ်” ဟု Bagan Bo Cho တပ်ဖွဲ့တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Bagan Bo Cho PDF ၊ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ၊ မကွေးတိုင်း PDF ဒရုန်းတပ်ဖွဲ့ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ရှေးဟောင်းစေတီပုထိုးများကို အကာအကွယ်ယူကာ နိုင်ငံ တကာစာမျက်နှာ၌ တော်လှန်ရေးတပ်ဖွဲ့များ၏ ပုံရိပ်ကျဆင်းစေရန် လုပ်ဆောင်လျက်ရှိသော်လည်း ပုဂံယဉ်ကျေးမှုအမွေအနှစ်နေရာများကို တိုက်ပွဲဇုန်မဖြစ်စေရန် ရှောင်ရှား၍ စစ်ကောင်စီတပ်စခန်း များကို တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။


