တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အတွင်းရှိ လက်ခတ်တောင် တာဝါတိုင်စခန်း၊ စစ်တပ် စစ်ကြောင်းနှင့် စစ်ရေယာဉ်များကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ထား၀ယ်ခရိုင် တပ်ပေါင်းစု ပြန်ကြားရေး တာ၀န်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၃ဝ ရက်နေ့ နံနက် ၆ နာရီ မှစတင်၍ လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင် စခန်းကို ထား၀ယ်ခရိုင် တပ်ပေါင်းစု နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း ထားဝယ်မြို့ပေါ်မှ ဟောင်ဝှစ်ဇာဖြင့် တနေကုန် ပစ်ကူပေးခဲ့ပြီး စစ်သင်္ဘောများမှလည်း လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ပွဲသည် ၃ ရက်တာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး လက်ခတ်တောင်တာဝါတိုင်စခန်းမှာလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ယင်း တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း လက်ခတ်တောင်တာဝါတိုင် စခန်းကို စစ်ကူပေးရန် လာသည့် စစ်ကြောင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက လောင်းလုံးမြို့ပေါ်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဇွန်လ ၁၁ ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်းရှိ လက်ခတ်တောင်တာဝါတိုင်စခန်းကို စစ်ကူရောက်ရှိလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လောင်းလုံးမြို့ အတွင်းသို့ ပြန်လည် ဆုတ်ခွာသွားပြီးနောက် စစ်ပြဲရွာကို ဝင်ရောက်လာစဉ် ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီခန့်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ထားဝယ်မြစ်ကြောင်းအတိုင်း ဝင်ရောက်လာသည့် စစ်သင်္ဘော ၂ စီးနှင့် Speed Boat ကမ်းတက် ယဉ်ငယ် ၁ စီးသည် ကညိုကျွန်းရွာ အရှေ့ကို ရောက်ရှိလာပြီး ရွာအတွင်းကို လက်နက်ကြီးများ၊ ပွိုင့် ၅ စက်သေနတ်များ၊ ၂၀ မမ စက်လက်များဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ပြီး ကမ်းကပ်ထားသည့် ပြည်သူပိုင် လှေငယ်များကို Speed Boat ကမ်းတက်ယဉ်ငယ် ၁ စီးဖြင့် လာရောက်ခိုးယူခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ခိုးယူနေစဉ် တော်လှန်ရေး ရဲဘော်များက တွေ့ရှိခဲ့ပြီး လက်ဦးမှု ရယူကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျည်ထိမှန်ကာ Speed Boat လည်း ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၉ ရက်နေ့တွင် ကညိုကျွန်းရွာ အတွင်း မွှေနှောက် ဖျက်ဆီးပြီး တပ်စွဲထားသော စစ်တပ် စစ်ကြောင်းသည် ကျေကာ းရွာအတွင်းမှ ပြန်လည်ဆုတ်ခွာလာစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အသင့်စောင့်ဆိုင်းကာ ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ရေးကတော့ တစ်နှစ်ထက် တစ်နှစ် ပိုပိုပြင်းထန်လာတယ်။ အခုဆိုရင် အရင်က လုံး၀ မပြေးဘဲ နေကြတဲ့ တချို့ရွာတွေပါ ပြေးကြရတယ်။ ဒါဆိုဘာကို သတိပြုရမလည်းဆိုရင် အရေးပေါ်ယူဆောင်ရမယ့် ရွှေ ငွေ ပစ္စည်းဥစ္စာနဲ့အရေးကြီးတာတွေကို အမြဲအသင့်ဖြစ်နေအောင် ထုပ်ပိုးထားဖို့လိုအပ်တယ်။ သတင်းတွေ အချိတ်အဆက် မပြတ်အောင်နဲ့ သိနေအောင်လုပ်ထားဖို့လိုပါတယ်” ဟု ထား၀ယ်ခရိုင် တပ်ပေါင်းစု ပြန်ကြားရေး တာ၀န်ခံက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင် တပ်ပေါင်းစုနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များဖြစ်သော နွေဦးပြောက်ကျားတပ်ဖွဲ့ ၊ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ DNLAတပ်ဖွဲ့၊ ဒေါနတပ်ခွဲ ၇ ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့နှင့်အထူးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
