တနင်္ဿာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းရွာမှ စစ်ဘေးရှောင် ပြည်သူများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၈ လုံးပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မောင်းမကန်ရဲစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပန်းတင်းအင်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသောကြောင့် စစ်ကောင်စီ တပ်သားများက ပန်းတင်းအင်းရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး ကျေးရွာအတွင်းရှိ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် လက်ရှိချိန်ထိ ပန်းတင်အင်းရွာထဲ၌ တပ်စွဲထားပြီး စစ်ဘေးရှောင်ပြည်သူများကို လက်နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်ကာ စစ်သင်္ဘောနှင့် သပြေချောင်းရွာဘက်မှ စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
“အခုထိ လက်နက်ကြီးတွေနဲ့ ပစ်နေတုန်းပဲ စစ်ရှောင်တွေ ထပ်ပြီး ပြေးနေရတယ်။ စစ်ခွေးတွေက ဆက်တိုက်က ရမ်းသမ်းပစ်နေတာ ပြည်သူ ၂ ဦးသေတယ်။ ၆ ဦးလောက် ဒဏ်ရာရထားတယ်။ အကုန်လုံး တကွဲတပြားညအမှောင်ကြီးထဲ ပြေးနေရတော့ သေဆုံးထိခိုက် အရေအတွက်ကို အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေက လူရိပ်မြင်တာနဲ့ကို လိုက်ပစ်နေတာ အခုက ရွာလုံးကျွတ်ကို ရှောင်ပြေးနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကိုလည်း စိတ်ကြိုက် ဝင်ရောက်မွှေနှောက်နေပြီး တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူနေကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
