27.3 C
Yangon

မင်းအောင်လှိုင်ခန့်ထားသည့် ဝန်ကြီးချုပ် ညိုစော ပထမဆုံး အုပ်ချုပ်ရေး အစည်းအဝေးခေါ်ယူပြီး လူလုံးထွက်ပြ၊ ညိုစောမှာ ယနေ့ အချိန်အထိ အာဏာရှင်ဟောင်း သန်းရွှေနှင့်မိသားစုထံသို့ အဝင်အထွက်ရှိနေဆဲဟုဆို

Must read

ရန်ကုန်၊ ဩဂုတ် ၂

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ခန့်အပ်ထားသည့် ဝန်ကြီးချုပ် ညိုစောက ပထမဆုံး အုပ်ချုပ်ရေး အစည်း အဝေး ခေါ်ယူပြီး လူလုံးထွက်ပြလာသည်။

ယမန်နေ့ ဩဂုတ် ၁ ရက်နေ့ နေပြည်တော်တွင် ဝန်ကြီးချုပ် ညိုစောက အုပ်ချုပ်ရေး အစည်းအဝေးကို ပထမဆုံး ခေါ်ယူပြီး လူလုံးထွက်ပြကာ မင်းအောင်လှိုင် ပြောဆိုခဲ့သော စကားများကိုပင် အပ်ကြောင်းထပ်၍ ပြောဆိုလာသည်။

ညိုစောက ယမန်နေ့ အုပ်ချုပ်ရေး အစည်းအဝေးတွင် နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများမရှိသင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ပါတီစုံဒီမို ကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံအတွင်း နေထိုင်ကြသူများအားလုံးက ဒီမိုကရေစီလမ်းကြောင်းမှ သွေဖယ်သွားနိုင်သည့် လုပ်ဆောင်ချက်များကို ရှောင်ရှားကြရမည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများကို လေးစားလိုက်နာကြရန်လိုကြောင်း၊ ပြည်သူများ၏ လိုလားချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် ရွေး ကောက်ပွဲသည် အဓိကကျကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ကဏ္ဍများအလိုက်ပါဝင် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောဆိုခဲ့သည်။

ညိုစောမှာ စစ်တပ်တွင် ဗိုလ်ချုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် အကြမ်းဖက် မင်းအောင်လှိုင်က အကြံပေးအဖြစ် ခန့်အပ်ခဲ့ပြီး သန်းရွှေခေတ်တွင်လည်း သန်းရွှေ၏ စိတ်ချ ယုံကြည်အားကိုးရသော တပည့်ရင်းတစ်ဦးဖြစ်ခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။

ညိုစောသည် ၂၀၂၀ ခုနှစ်တွင် စစ်ထောက်ချုပ်အဖြစ်မှ အနားယူခဲ့ပြီး စစ်တပ်၏ အရန်အင်အားစာရင်းသွင်းခံခဲ့ရသည်။

စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ကျောင်းဆင်း ညိုစောမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းMEC ဥက္ကဋ္ဌ၊ အင်း၀ဘဏ် ဥက္ကဋ္ဌ ၊ မင်းအောင်လှိုင်၏ အကြံပေး စသည့် ရာထူးများစွာကို ရယူခဲ့သည့်အပြင် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ထောက် ချုပ် စသည့် ရာထူး တာဝန်များ အဆင့်ဆင့် ထမ်းဆောင်ခဲ့ကာ အထက်နှင့်အောက် ဝေစား၊ မျှစား အကြား သဟဇာတ ဖြစ်အောင် နေထိုင်တတ်လွန်းသူ နာမည်ကြီးကာ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေက အထူးသဘောကျခဲ့သူတစ်ဦးဖြစ်သည်။

အကြမ်းဖက် မင်းအောင်လှိုင်က အာဏာသိမ်း စစ်ခေါင်းဆောင်ဖြစ်လာသောအခါတွင်လည်း သန်းရွှေတပည့်အရင်း ညိုစောကို ပြန်လည် အသုံး ပြုပြီး အငြိမ်းစား အဖြစ် သတ်မှတ်နိုင်သော အရန်အင်အားထိုင်ခုံတွင် ထိုင်နေရသည့်တိုင် ညိုစောမှာ ရာထူးတာဝန်များစွာ ပေးအပ်ခံခဲ့ရကာ နောက်ဆုံးတွင် ဝန်ကြီးချုပ်အဖြစ် မင်းအောင်လှိုင်က ခန့်အပ်ခဲ့ပြန်သည်။

ညိုစောသည် ယနေ့ အချိန်အထိ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ နှင့်မိသားစုများထံသို့ အဝင်အထွက်ရှိပြီး သန်းရွှေ၏ လို အပ်ချက်များကို ၎င်းက အရေးတယူဂရုတစိုက် ဖြည့်ဆည်းပေးနေဆဲဖြစ်သည်ဟု တပ်သတင်းရင်းမြစ်တချို့ကဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article