စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိနာပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း ကလေးခရိုင် ပကဖ ခရိုင် တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ကလေးဝမြို့နယ် အတွင်းရှိ PDF နှင့် ပကဖ များ ထိန်းချုပ်ထားသော နယ်မြေများကို အောင်ချမ်းသာရွာ စစ်တပ် စခန်းနှင့် ဆင်အိုင်မရွာ ပျူစောထီးစခန်းမှ စစ်ကောင်စီ တပ်သားများက အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီ တပ်သားများ ဝင်ရောက် တိုက်ခိုက်လာခြင်းကြောင့် PDF နှင့် ပကဖ ပူးပေါင်း တပ်ဖွဲ့ များက လိုက်လံ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ အထိနာပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ နယ်မြေများကို ပြန်လည်စိုးမိုး ထိန်းချုပ် ထားပြီးဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ပစ်ပြေးအဆင့်လောက်ပါပဲ တိုက်ပွဲကြီး မဟုတ်ဘူး။ စစ်ခွေးတွေက အလစ်ဝင်လာတယ် တွေ့ရာ ပြည်သူတွေကို ဖမ်းတယ်။ ပိုက်ဆံတို့ ဘာတို့လို တန်ဖိုးရှိတဲ့ ဟာတွေကိုယူတယ်။ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေ ပစ်တော့ ပြန်ပြေးတယ်” ဟု ကလေးခရိုင် ပကဖ ခရိုင် တာဝန်ခံက ပြောဆိုသည်။
