28 C
Yangon

ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ ဌာနချုပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး စစ်တပ်က လက်ပကန်ရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဩဂုတ် ၄

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ ဌာနချုပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး စစ်တပ်က လက်ပကန်ရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားကြောင်း Burma Revolution Rangers မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကို DEMO က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှစတင်ပြီး ပခုက္ကူမြို့ရှိ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်ကို Burma Revolution Rangers တပ်ဖွဲ့က ဦးဆောင်၍ ၆၀မမ လက်နက်ကြီးများဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို တိုက်ခိုက်မှု အတွင်း တပ်မ ၁၀၁ ဌာနချုပ်ထဲကို ၆၀ မမ ဗုံးသီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး တပ်မ ၁၀၁ မှ စက်တပ်လေထီး၂ စီး ပျံတက်လာပြီး လက်နက်ကြီး ပစ်ခတ်ရာ နေရာကို စက်သေနက်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မြေပြင်မှလည်း စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေး ရဲဘော်များ ပိတ်မိကာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲသည် ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ရဲဘော်များက ဖောက်ထွက်နိုင်ခဲ့သောကြောင့် လွတ်မြောက်ခဲ့ပြီး ရဲဘော် ၁ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းကတော့ အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့တွေ ပစ်ခတ်မှု အပြန်အလှန် ဖြစ်ပြီးတော့ ပြည်သူတွေရဲ့ ထွန်းစက်တွေပေါ်ကို ဆိုင်ကယ်နောက်တွဲတွေပေါ်ကိုတော့ စစ်ခွေးတွေ တင်သွားတယ်လို့တော့ သိရတယ်။ အခုတိုက်ပွဲက စက်တပ်လေထီးနဲ့ လာတာဆိုတော့ လေယာဉ်ပစ် ပွိုင့် ၅ တွေလိုအပ်တာပေါ့။ ကျွန်တော်တို့ဆီက လက်နက်နဲ့တော့ အလုပ်မဖြစ်ဘူး။ NUG က လူကြီးတွေကိုပြောတော့လည်း။ သူတို့က ဟိုလွှဲချ ဒီလွှဲချနဲ့ ဘာမှ ထူးမလာဘူး။ ကျွန်တော်မှာ ရှေ့တန်းမှာ အလုပ်ရတာတော့ ခက်ခက်ခဲခဲ လုပ်ခဲ့ရတယ်။ ရဲဘော်တွေလည်း တော်တော် အန္တရာယ်များတယ်။ NUG လူကြီးတွေကိုလည်း လိုအပ်ချက်လေးတွေ ကြည့်ပေးဖို့ ပြောချင်တယ်”ဟု Burma Revolution Rangers မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကို DEMO က ပြောဆိုသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တပ်မ ၁၀၁ အနီးရှိ လက်ပကန်ရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွားပြီး ရိုက်နှက် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“ပြည်သူတွေ ဖမ်းတာတွေ ရိုက်တာတွေ ဒီကောင်တွေ အကုန်လုံး တော်တော်ဆိုးဆိုးဝါးဝါးလုပ်သွားတယ်။ ပြည်သူ ၃၀ ကျော်လောက် ဖမ်းဆီးသွားတယ်။ ပခုက္ကူ တပ်မ ၁၀၁ နားက လက်ပကန်ရွာက ပြည်သူတွေကိုဖမ်းသွားတာ လူငယ်ပိုင်းတွေရော လူလတ်ပိုင်းတွေရော လူကြီးပိုင်းတွေရော အကုန်ဖမ်းသွားတယ်။ အမျိုးသမီးလည်းပါတယ်။ အမျိုးသားလည်းပါတယ်။ တပ်မ ၁၀၁ ထဲမှာ ရိုက်နှက် စစ်ဆေးနေတယ်” ဟု Burma Revolution Rangers မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကို DEMO က ဆက်လက် ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Burma Revolution Rangers တပ်ဖွဲ့(B.R.R) ၊ Pakokku People Defense Force (P.P.D.F)နှင့် အတူ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article