32.6 C
Yangon

တစ်ရပ်ကွက်လျှင် ၁ လ စစ်မှုထမ်း လူငယ် ၂ ဦးနှုန်းဖြင့် စစ်မှုထမ်း အလုံ အလောက် မပေးနိုင်သော မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို သတိပေးလက်မှတ်ရေးထိုးခိုင်းသည့် စနစ် စတင်

Must read

ရန်ကုန်၊ ဩဂုတ် ၅

ကျေးရွာ/ရပ်ကွက်တစ်ခုလျှင် ၁ လ စစ်မှုထမ်း လူငယ် ၂ ဦးနှုန်းဖြင့် တစ်မြို့နယ် လုံးအတွက် စစ်မှုထမ်း အလုံအလောက် မပေးနိုင်သော မြို့နယ် စစ် မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို သတိပေး လက်မှတ်ရေးထိုးခိုင်းသည့် စနစ်ကို ဗဟိုစစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့က စတင်လာကြောင်းရန်ကုန်တိုင်းအခြေစိုက် မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တစ်ခုနှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန် အပါအဝင်တိုင်းနှင့် ပြည်နယ်များတွင် မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် မိမိတို့မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများအလိုက် လစဉ်ပေးပို့ရမည့် စစ်မှုထမ်းအရေအတွက်ကို သတ်မှတ်လိုက်ပြီး ယင်းသတ်မှတ်ချက်အရ ရပ်ကွက်နှင့်ကျေးရွာတစ်ခုလျှင် ၁ လ စစ်မှုထမ်း ၂ ဦးနှုန်းဖြင့် မြို့နယ်အတွင်းပါဝင်နေသော ရပ်ကွက်နှင့်ကျေးရွာအလိုက် စစ်မှုထမ်းအရေအတွက် ပေးပို့ရမည်ဖြစ်ကြောင်း သိရှိရသည်။

“အကြမ်းဖျဉ်းသတ်မှတ်တာက တစ်ရပ်ကွက် သို့မဟုတ် ရွာတစ်ရွာကို ၁ လ စစ်မှုထမ်း ၂ ဦး နှုန်းပေါ့။ ဥပမာ- မြို့နယ်ထဲမှာ ရွာပေါင်း ၃၀ ရှိရင် တစ်လကို စစ်မှုထမ်းလူငယ် ၆၀ ပေးရမယ်။ တစ်မြို့နယ်မှာ ရပ်ကွက်ပေါင်း ၂၀ ရှိရင် ၁ လကို စစ်မှုထမ်း ၄၀ ဦးပေးရမယ်။ အဲဒီလို အကြမ်းဖျဉ်းသတ်မှတ်လိုက်တာ “ဟု မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တစ်ခုနှင့် နီးစပ်သော သတင်းရင်းမြစ်က ရှင်းပြသည်။

မိမိတို့မြို့နယ်များအတွင်းရှိ ကျေးရွာအရေအတွက်နှင့် ရပ်ကွက်အရေအတွက်အလိုက် စစ်မှုထမ်း အရေအတွက် လုံလောက်စွာ ပေးပို့နိုင်ခြင်းမရှိသော မြို့ နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အစိုးရများက ခေါ်ယူသတိ ပေးပြီး သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်ရုံးတွင် သတိပေးခံရခြင်းနှင့် ခံဝန် လက်မှတ်ရေးထိုးရခြင်းများ လုပ်ဆောင်ရကြောင်း သိရှိရသည်။

“သတ်မှတ် အရေအတွက်အတိုင်း စစ်မှုထမ်း မပေးနိုင်တဲ့မြို့နယ်တွေ သက် ဆိုင်ရာ ဝန်ကြီးချုပ်ရုံးတွေမှာ သတိပေးလက်မှတ် ထိုးခိုင်းတာတွေ စနေပြီ ။ စစ်မှုထမ်းအပတ်စဥ် ၁၅ ကျော်လာတဲ့အတွက်မြို့နယ်/ရပ်ကွက်တွေထဲမှာလည်း အရက်သမား၊ဆေးသမား စသည့် အခြေအနေမဲ့သူတွေက ကုန်သ လောက်ဖြစ်နေပြီ။ ရပ်ကွက်အုပ်ကြီးအတော်များများကလည်း ကိုယ့် ရပ် ကွက် ထဲက စစ်မှုထမ်းကြေးကောက်ပြီး လူစားထိုးနေကြတာလည်း အစား ထိုးသိပ်မရှာနိုင်ကြတော့ဘူး။ လစဉ် စစ်မှုထမ်းအရေအတွက် ပြည့်အောင် မပေးနိုင်ရင်တော့ သတိပေးခံရမယ်” ဟု မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက နယ်မြေခံရဲ၊ ပျူစောထီး၊ စစ်တပ်များနှင့်ချိတ်ဆက်၍ စစ်မှုထမ်းလူငယ်များ ရှာဖွေ ဖမ်း ဆီးပေးရန် အကူအညီတောင်းခံလာရပြီး ဧည့်စာရင်းစစ်ခြင်း၊ ဆိုင်ကယ်လိုင်စင် စစ်ဆေးခြင်း၊ ယခုနောက်ဆုံး မိုဘိုင်းလ်ဖုန်းများတွင် VPN တပ်ဆင်ထားသူများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်လာကြောင်း၊ ထိုသို့ ဖမ်းမိသူများကို မြို့နယ် စစ်မှုထမ်း ဆင့် ခေါ်ရေးအဖွဲ့ထံသို့ ပို့ဆောင်ကာ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က အဆိုပါ လူငယ်များကို ခေါ်ဆောင်ကာ စစ်မှုထမ်းအဖြစ် စစ်တပ်လက်ထဲသို့ ပြန်လည်အပ်နှံကြောင်း သိရှီရသည်။

ထို့ပြင် ရဲစခန်းများတွင် မူးယစ်ရမ်းကားမှု၊ မှောင်ရိပ်ခိုမှု၊ ခါးပိုက်နှိုက်မှု၊ ရန်ဖြစ်မှုများဖြင့် ဖမ်းဆီးခံထားရသော လူငယ်များကို မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက ဝင်ရောက် စည်းရုံးကာ စစ်မှုထမ်းအဖြစ် စုဆောင်းမှုများလည်း များပြားလာကြောင်း သိရှိရသည်။

လစဉ် စစ်မှုထမ်း အရေအတွက် လုံလောက်စွာ ပေးပို့နိုင်ခြင်းမရှိ၍ သတိပေးခံရသည့် မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ၃ ကြိမ်မြောက်တွင် ရာထူးတာဝန်မှ ဆိုင်းငံ့ခြင်း၊ ရာထူးတိုးမပေးခြင်း စသည့်အရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article