ရန်ကုန်၊ ဩဂုတ်လ ၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို TNLA က လက်လွှတ်ရပြီးနောက် ယခုဩဂုတ်လအတွင်း တရုတ်၏ ဖိအားပေး ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့်TNLA တွေ့ဆုံမည်ဖြစ်ကြောင်း TNLA မှ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်း ၊လက် နက်ကြီးများဖြင့် တိုက် ခိုက်နေမှုကြောင့် နောင်ချိုမြို့ကို လက်လွှတ်ပေးလိုက်ရကြောင်း သိရှိရသည်။
“စစ်ကောင်စီက လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အရပ်သားပြည်သူလူထုကို တောက်လျှောက် ဗုံးကျဲတယ်၊ အဆိပ်ငွေ့ဗုံးတွေပါ အသုံးပြုတိုက်ခိုက်တယ်။ အရပ်သားပြည်သူလူထုတွေ ထိခိုက်နစ် တဲ့ အတွက် အရပ်သားပြည်သူထုကို ကာကွယ်ဖို့ နောက်ဆုတ်ပေးလိုက်ရတာပါ၊ ကျမတို့က အရပ် သားပြည်သူထုကို ကာကွယ်ဖို့အတွက် တာဝန်ရှိတဲ့ အတွက် အရပ်သားပြည်သူလူထု ထိခိုက်နစ်နာ မှာ စိုးလို့ နောင်ချိုမြို့ကနေ ဆုတ်ခွာပေးလိုက်ရခြင်း ဖြစ်ပါတယ်” ဟု TNLA သတင်းနှင့်ပြန်ကြား ရေး ဌာနပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြား သည်။
ဇူလိုင်လတွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ကြား တိုက်ပွဲအကြိမ် ၇၀ ဖြစ်ခဲ့ပြီး တိုက်ပွဲကာလ အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်က နောင်ချိုမြို့ကို လေကြောင်းဖြင့် ၅၆ ကြိမ်၊ လက်နက်ကြီး ဖြင့် ၁၆၅၅ ကြိမ်၊ ဒရုန်းဖြင့် ၆၆၁ ကြိမ် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာများမှာ ကျောက်တော၊ ကျောက်ကြမ်း၊ နံမ်ပါတက်၊ နာမုံး ၊ ရေမောင်းတန်း ၊ ကျောက်ပြုတ် ၊ နောင်လင်၊ အုမ္မခါး ၊ မျက်ချီးနု၊ ကသဲမျှောင်၊ ဒုံးတပ် ၆၀၆ ၊ အောင်ချမ်းသာ ၊ ရေညာဦး ၊ ဂုတ်ထိပ် ၊ နောင်ချိုမြို့၊ ကုန်စံ ၊ ရွှေညောင်ပင် ၊ တောင်ရပ်ကွက်၊ လယ်ကြီးတော ၊ ငုက္ခလေး ၊ နောင်ပြစ် ၊ လွယ်ခွင် ၊ လောက်ဖန်း၊ ခဲဆန် ၊ အင်ကြင်းကိုင်၊ ပန်စုံနှင့် ဟိုနောင်ကျေးရွာများတွင် ဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့ကို ဆုံးရှုံးရပြီးနောက် ယခု ဩဂုတ်လအတွင်း တရုတ်၏ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် TNLA တို့တွေ့ဆုံရန် ရှိကြောင်း၊ တွေ့ဆုံပွဲတွင် ပြည်သူလူထုဘက်မှ ရပ်တည်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း TNLA က ဆိုသည်။
“တရုတ်နဲ့ ကြားဝင်မှုနဲ့ အခုလထဲမှာ စစ်ကောင်စီနဲ့ တွေ့ဖို့ရှိပါတယ်။ ဘယ်နေ့ဘယ်ရက်တွေ့ဖြစ် မလဲတော့ မသိရသေးဘူး။ ကျမတို့ဘက်ကတော့ တွေ့ဖို့အတွက် ပြင်ဆင်ထားပါတယ်၊ အဓိကဆွေး နွေးမှာကတော့ ပြည်သူလူထုဘက်ကို ရပ်တည်ပြီးဆွေးနွေးသွားမှာပါ။” ဟု TNLA သတင်းနှင့်ပြန် ကြားရေးဌာနပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားသည်။
လတ်တလော စစ်ကောင်စီက ကျောက်မဲ၊ သီပေါ၊ မိုးကုတ် အပါအဝင် TNLA သိမ်းပိုက်ထားသော မြို့ပြဒေသများကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများစွာလည်းဖြစ်ပေါ်လျက်ရှိသည်။
