TNLA ကသိမ်းပိုက်ထားသော မြို့နယ်များ ထပ်မံ လက်မလွှတ်ရရေးအတွက် မဟာမိတ်များနှင့်ပူးတွဲ ဆောင်ရွက်နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။
TNLA အနေဖြင့် ပြည်သူလူထု မထိခိုက်စေရေးအတွက် အဓိက ဦးတည်၍ နောင်ချိုမြို့ကို လက်လွှတ်ခဲ့သော်လည်း ကျောက်မဲ၊ သီပေါ၊ မိုးကုတ်အပါအဝင် အခြားသော TNLA ထိန်းချုပ်ထားသော မြို့နယ်များ ထပ်မံ၍ လက်မလွှတ်ရရေးအတွက် လုပ် ဆောင်လျက်ရှိကြောင်း၊ မြို့နယ်များ ထပ်မံ လက်မလွှတ်ရရေး လုပ်ဆောင်ရာတွင် မဟာမိတ်အင်အားစုများနှင့်အတူ ပူးတွဲ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။
“ကျမတို့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ မဟာမိတ်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့အတူ ကျမတို့က တော်လှန် ရေး ပန်းတိုင်ဆောင်ရွက်နိုင်ဖို့ အပြည့်အ၀ ဆောင်ရွက်သွားဖို့ လည်းရှိပါတယ်။ တဆက်တည်းမှာ အားလုံး ပူးပေါင်းပါဝင်ရေး ကျမတို့ ကြိုးပမ်းနေတာရှိပါတယ်” ဟု လွေးယေဦးက ဆိုသည်။
TNLA အနေဖြင့် နောင်ချိုမြို့ကို လက်လွှတ်ခဲ့ရပြီးနောက် လက်ရှိ သိမ်းပိုက်ထားသော မြို့နယ်များကိုစစ်ကောင်စီက ပြန်လည်တောင်းခံလာသည့်တိုင်အောင် ပြန်လည် ပေးအပ်ရန် မရှိကြောင်း၊ စစ်ကောင်စီက တရုတ်၏ စီစဉ်မှုဖြင့် ပြုလုပ်သော ဆွေးနွေးပွဲများတွင် TNLA က သိမ်းပိုက်ထားသော မြို့နယ်များကို ပြန်လည် တောင်းယူပါကလည်း ပေးအပ်ရန် မရှိကြောင်း ၎င်းက ပြောဆိုသည်။
တရုတ်နိုင်ငံအနေဖြင့်လည်း ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ မဖြစ်ပွားရေးအတွက် TNLA အပေါ် ဖိအားပေးမှုများ ဆက် လက်တည်ရှိနေကြောင်း၊ သို့ရာတွင် မိုးကုတ်၊ သပိတ်ကျင်း၊ သီပေါ၊ ကျောက်မဲတို့တွင် စစ်အုပ်စုက စစ်ရေးဖိအားများ တောက် လျှောက်ဆိုသလို ပေးလာနေကြောင်း၊ တရုတ်ဖိအားသာမက စစ်တပ်၏ စစ်ရေးဖိအားကို ခံစားနေရကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။
ယခုလာမည့် ဩဂုတ်လအတွင်း တရုတ်နိုင်ငံ၏ စီစဉ်မှုဖြင့် TNLA နှင့် စစ်တပ်ကို တွေ့ဆုံ ဆွေးနွေးရန်ရှိနေသော်လည်း TNLA အနေဖြင့် ယခင်ရပ်တည်ခဲ့သော မူဝါဒများအတိုင်း ဆက်လက်ရပ်တည်လျက်ရှိကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုထားသည်။
