28.1 C
Yangon

မြိုင်မြို့နယ် သရက်ကန်ပျူစောထီးရွာမှ ထွက်ပြေးလာသည့် ပြည်သူ ၆ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ကယ်ထုတ်

Must read

ရန်ကုန်၊ ဩဂုတ် ၅

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူစောထီးရွာမှ ထွက်ပြေးလာသည့် ပြည်သူ ၆ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း TYK ပြောက်ကျား တပ်ဖွဲ့ မှ ရဲဘော် စောကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၄ ရက်နေ့တွင် မြိုင်မြို့နယ် သရက်ကန်ပျူစောထီးရွာမှ ထွက်ခွာလာသော အသက် ၆၀ ကျော် အရွယ် ဦးဝင်းစိန်ကို ဒေါင်းမာန်အဖွဲ့ မှ ဦးဆောင်ကာ TYK ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက သွားရောက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၂၆ ရက်နေ့ကလည်း သရက်ကန် ပျူစောထီးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မိုင်းကွင်းများ ဖြတ်၍ ရိက္ခာထွက်ရှာခိုင်းစဉ် ထွက်ပြေးလာသည့် ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးကိုလည်း TYK ပြောက်ကျားတပ်ဖွဲ့ ၊ အညာမြေတပ်ပေါင်းစုနှင့် ပူးပေါင်းအဖွဲ့များက သွားရောက် ကယ်တင်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပျူစောထီးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်သားများသည် ရွာထဲ၌ စားနပ်ရိက္ခာရှားပါးလာသည့် အတွက် ပြည်သူများကို ကျေးရွာပြင်ပရှိ မိုင်းကွင်းများကို ဖြတ်ခိုင်းပြီး ရိက္ခာထွက်ရှာခိုင်းနေခြင်းဖြစ်ကာ ဇူလိုင်လ ၃၀ရက်နေ့ကလည်း Y-8 ထောက်ပို့ လေယာဥ်ဖြင့် စားနပ်ရိက္ခာများကျဲချ ပို့ဆောင်နေကြောင်း သိရသည်။

“အရင်လူတွေလည်း ထွက်လာပြီးတဲ့နောက်ပိုင်း ပျူစောထီးရွာထဲမှာ နေရတာထပ် စားချင်တာစားလို့ရတယ်ဆိုတာ သိပြီး သူတို့အချင်းချင်း ပြောမိကြလို့နေမှာပါ။ အရင်ပြီးခဲ့တဲ့ နှစ်တွေမှာဆို စစ်ခွေး ရဲခွေးတွေက ပျူစောထီး သမီးပျိုတွေနဲ့လဲ ပုံစံအမျိုးမျိုးဖြင့် နေကြပါတယ်။ အဲဒါကို ပျူစောထီးတွေကလည်း ဘာမှမပြောပဲ လွှတ်ထားတယ်လို့ ကြားသိရပါတယ်။ တစ်ချို့ မိန်းကလေးတွေဆိုရင် အိမ်ထောင်ရှိတယ် အမျိုးသားကကြ တခြားရောက်နေတာပေါ့။ အဲဒါကိုတောင် စစ်ခွေးရဲခွေးတွေက အလွတ်မပေးကြဘူး။ သူကတော့ သူ့အမျိုးတွေက လက်နက်ကိုင်ပျူစောထီး အကြီးစားတွေနဲ့ ဆွေမျိုးတော်စပ်သူပါ သူတို့နဲ့လည်း မတည့်တော့ ရွာမှာ နေထိုင်လိုစိတ် မရှိတော့တာပေါ့။ လက်ရှိမှာခြေထောက်တစ်ဘက်နာနေတာကို ဆေးကုသပေးပြီး သူနေထိုင်လိုရာကို ပို့ဆောင်ခဲ့ပါပြီ”ဟု TYK ပြောက်ကျား တပ်ဖွဲ့ မှ ရဲဘော် စောကြီးက ပြောဆိုသည်။

အဆိုပါ ကယ်ထုတ်မှုကို ဒေါင်းမာန်အဖွဲ့ မှ ဦးဆောင်ပြီး TYKပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article