ရန်ကုန်၊ ဇွန် ၂၀
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ညောင်ပင်တဲကျေးရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၅ ဦးကို မီးရှို့ သတ်ခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့သတင်းအဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်ပင်တဲကျေးရွာရှိ ပြည်သူပိုင် နေအိမ်အတွင်းရှိ ပစ္စည်းများကိုမွှေနှောက် ဖျက်ဆီးပြီးနောက် ကျေးရွာအတွင်း ပိတ်မိ ကျန်ရစ်ခဲ့သော ဦးပေါကြည် (အသက် ၅၂ နှစ်)၊ ကိုနေဝိုင်း (အသက် ၃၇ နှစ်)၊ ဦးအောင်မင်း (အသက် ၄၈ နှစ်)၊ ဦးပြေအေး (အသက် ၄၉ နှစ်)နှင့် အမည်မသိ အမျိုးသား ၁ ဦးကို နေအိမ် တစ်လုံးအတွင်းဖမ်းဆီးကာ မီးရှို့ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ညောင်ပင်တဲ ကျေးရွာကို လာရောက်သည့် လမ်းပိုင်း တစ်နေရာတွင် CHUPDF တပ်ဖွဲ့မှ ရဲဘော် ၂ ဦးက ဖြတ်တောက်တိုက်ခိုက်မှု ပြုလုပ်စဥ် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည် ထိမှန်ကာ PDF ရဲဘော် တိုးနိုင်ဝင်း ကျဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။