ရန်ကုန်၊ ဇွန် ၂၁
အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စစ်သားနှင့်ရဲများ တိုက်ပွဲ ကျ လျှင်သော်လည်းကောင်း ၊ ရောဂါကြောင့် သေဆုံးခြင်းများ ဖြစ်ပေါ်လျှင် လည်းကောင်း နာရေးအသုဘအတွက် ရာထူးနှင့်တပ်ဖွဲ့အမည်များ မတပ်ရဲဘဲ ခိုးကြောင်ခိုးဝှက်သ ဂြိုလ်ရမှုများရှိနေကြောင်း စစ်တပ်နှင့် ရဲဘက် သတင်း ရပ်ကွက်များထံမှ သိရှိရသည်။
ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သော ဇင်မင်းမောင် သည် သေဆုံးသွားရာတွင် ရာထူး၊ နာမည် များ မထည့်ဘဲ မြို့ပေါ်တွင်ပင် ခိုးကြောင် ခိုးဝှက်ပုံစံဖြင့် သဂြိုလ်သဖြင့် မြို့ခံများ အလွန်အံ့ဩခဲ့ရကြောင်း၊ နာရေး ဖိတ်စာတွင် ၉၆ ပါး ရောဂါဖြင့် သေဆုံးသည်ဟု ဖော်ပြထားသော်လည်း နာရေးတွင် ရဲတပ်ဖွဲ့ အမည်နှင့် ရာထူးကိုများကို မထည့်ခြင်းတို့ကြောင့် ဇွန်လ ၁၇ ရက်နေ့ ညောင်တုန်း ပန်တိုင်ဂိတ်ပစ်ခတ်မှုနှင့် ဆက်စပ်နိုင်သ လောဟု တွေးတော ဝေဖန်မှုများရှိနေကြောင်း ဒေသခံများက ဆိုကြသည်။
“ဇင်မင်းမောင်က ရဲထဲရောက်နေတာ မြို့ခံတွေက သိကြတယ်။ ၁၈ ရက်နေ့မှာ ဆုံးတယ်။ ၁၉ ရက်နေ့ မြို့မှာ ပြန်သဂြိုလ်တယ်။ ဒါပေမယ့် နာရေး ဖိတ်စာ မှာရော ယပ်တောင်မှာရော ရဲဆိုတာလည်း မထည့်ဘူး။ သေတာကလည်း အကောင်း ကြီးကနေ ရုတ်တရက်သေတာလို့ နားလည်တော့ ဘာဖြစ်သွား လဲပေါ့။ နောက်ပြီး ညောင်တုန်း ပန်တိုင်ဂိတ်မှာ ပစ်ခတ်မှုကလည်းဖြစ်တော့ အဲဒါနဲ့ ဆက်စပ်သလားဆိုပြီး ဝေဖန်တာပေါ့။ ငရုတ်ကောင်းဆေးရုံမှာ ၃ ရက် တက်ပြီး ဒီအတိုင်း ဆုံးတယ်လည်း သူ့ဆွေမျိုးတွေဘက်က ပြောပေမယ့် သေ သွားတဲ့နာရေးကြော်ငြာမှာ ရဲလို့ မထည့်တာကြောင့် အားလုံးက သံသယ ဖြစ် ကုန်ကြတာ။ ရဲတွေဘ၀က သေတာတောင် ခိုးကြောင်းခိုးဝှက် လိုဖြစ်နေပြီ” ဟု ကျုံပျော်ဒေသခံတစ်ဦးက ပြောသည်။
ဇွန်လ ၁၇ ရက်နေ့ ရန်ကုန်-ညောင်တုန်း ပန်တိုင်ဂိတ်တွင် စစ်တပ်နှင့်ရဲ အပြန် အလှန်ပစ်ခတ်သဖြင့် ရဲ ၁ ဦးနှင့်စစ်သား ၁ ဦး သေဆုံးပြီး တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၆ ဦး အဖမ်းခံထားရကာ ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မေလ ၂၆ ရက်နေ့ PDF ပြောက်ကျားရဲဘော် ၂ ဦးကို စစ်တပ်က ဝိုင်းဖမ်းစဉ် အချင်းချင်း ပြန် လည် ပစ်ခတ်မိ၍ အမှတ် ၆၀၈ တပ်မှ ဒုအရာခံဗိုလ် အောင်မျိုးသူ ကျည်ထိ သေဆုံးပြီးနောက် အသုဘကို တပ်ရာထူးမထည့်ဘဲ အရပ်သားနာရေးပုံစံဖြင့် ခိုးကြောင်ခိုးဝှက် မသာချရခဲ့ရသည်။
ဒုအရာခံဗိုလ် အောင်မျိုးသူ၏ အသုဘကို မေလ ၂၇ ရက်နေ့ ညနေ ၃ နာရီတွင် ပြုလုပ်ခဲ့ရာတွင် ကျောက်ပန်းတောင်းမြို့နယ်မှ သုဂတိရှင် နာရေး ကူညီမှု အသင်း က မသာချ လိုက်ပါ ပို့ဆောင်ပေးခဲ့ပြီး ဒုအရာခံ ဗိုလ်ရာထူး နှင့် တပ် အမည်များ ထည့်သွင်းဖော်ပြခဲ့ခြင်းမပြုပေ။
စစ်တပ်နှင့်ရဲ သတင်းရင်းမြစ်ကမူ ယခုကာလ ရဲနှင့်စစ်သားများ သေဆုံးရာတွင် တိုက်ပွဲကျခြင်းနှင့် အချင်းချင်းပစ်ခတ်မှုများ ကြောင့် သေဆုံးလျှင် သတင်းစာ နာရေး ကြော်ငြာ မထည့်ခိုင်းခြင်း၊ ဝမ်းနည်းကြေကွဲကြောင်း ကြော်ငြာ မထည့် ခိုင်းခြင်း နှင့် လူမှုကွန်ရက်မတင်ရန် တပ်နှင့်ရဲဘက် ကျန်ရစ်သူ မိသားစုကို အမိန့်ပေး ညွှန်ကြားမှုများ ရှိနေသည်ဟု ပြောဆိုသည်။