26.2 C
Yangon

ပခုက္ကူ-ပေါက် လမ်းပိုင်းကို ၂ လကျော်ကြာ ရောက်ရှိနေသော စစ်တပ် ရိက္ခာပို့ စစ်ကြောင်း လမ်းတစ်လျောက် အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ကား ၃ စီးထက်မနည်း ပျက်စီးကာ ထိခိုက်သေဆုံးသူများပြား

Must read

ရန်ကုန်၊ ဩဂုတ် ၁၄

မကွေးတိုင်း၊ ပခုက္ကူ-ပေါက် လမ်းပိုင်းကို ၂ လကျော်ကြာ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်း လမ်းတစ်လျောက် အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ကား ၃ စီးထက်မနည်း ပျက်စီးကာ ထိခိုက်သေဆုံးသူများပြားကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လကုန်ပိုင်းမှစတင်၍ ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသော အင်အား ၁၀၀၀ နီးပါး ပါသည့် ဒုတပ်မမှူး ဦးစီးသော ရိက္ခာပို့ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပခုက္ကူ-ပေါက် လမ်းပိုင်းတွင် အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း ကား ၃ စီး ထက်မနည်း ပျက်စီးကာ စစ်သားများ ထိခိုက်သေဆုံးမှု များပြားကြောင်း၊ မိုင်းထိမှန်ပြီး ပျက်စီးသွားသော ကားများကို စစ်တပ်က ပခုက္ကူ – ပေါက် လမ်းပိုင်းတွင် စွန့်ပစ်ခဲ့ပြီး တချို့ကားများကို ကြိုးဖြင့် ဆွဲယူသွားကြောင်း သိရသည်။

“မိုင်းမိတာက တောက်လျောက်မိတာလေ ကား ၃ စီးထက်မနည်း ထိခိုက်ပျက်စီးထားတာကို တွေ့ခဲ့ရတယ်။ လုံးဝဆွဲလို့မရတဲ့ ကားတွေကိုတော့ သူတို့ ဒီအတိုင်းပစ်ထားခဲ့တာ ဆွဲလို့ရတဲ့ ကားတွေကိုတော့ ကြိုးနဲ့ ဆွဲပြီး ယူသွားတယ်။ စစ်ခွေးက အသေတော်တော်များတယ်။ ခွေးသေ အရေအတွက်ကိုတော့ သက်ဆိုင်ရာ တော်လှန်ရေး တပ်ဖွဲ့တွေ ထုတ်ပြန်ပါလိမ့်မယ်။ ခွေးကားတန်းက ၂ လကျော်နေပြီး ပခုက္ကူ-ပေါက် လမ်းပိုင်းမှာပဲရှိသေးတာပေါ့” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ ယာဉ်တန်း သွားရာလမ်းတစ်လျောက်ကိုလည်း အကြမ်းဖက် စစ်တပ်က Y-12 ၊ ဂျက်ဖိုက်တာ ၊ စက်တပ်လေထီးများဖြင့် နေ့စဥ် ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိကာ ကျေးရွာ ၁၇ ရွာမှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ယာဉ်တန်းသည် ပခုက္ကူ-ပေါက် လမ်းပိုင်းရှိ ရေပြာတံတားတွင်ရောက်ရှိနေပြီး ယာဉ်တန်းဆက်လက် ထွက်ခွာနိုင်ရန် မိုင်းရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article