28 C
Yangon

မိုးကြိုးပြင်ကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က လည်လှီး၊ ဓားဖြင့် ခုတ်ထစ်သတ်ဖြတ်၊ ဆည်တဲကျေးရွာကို စစ်တပ်က ဝင်စီးပြီး ပြည်သူ ၂၀ ထက်မနည်းကို ဖမ်းဆီးညှဉ်းပန်း ၊ တရုတ်ဝမ်ပေါင်စီမံကိန်းအနီး ရွာအားလုံး ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဇွန် ၂၂

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်း အနီး မိုးကြိုးပြင်(မြောက်)ကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က လည်လှီးခြင်း၊ ဓားဖြင့် ခုတ်ထစ်သတ်ဖြတ်ခြင်းများ လုပ်ဆောင် သတ်ဖြတ်ထားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယမန်နေ့ နံနက် ၁၁ နာရီမှစတင်ပြီး စစ်တပ်က မိုးကြိုးပြင်(မြောက်)ကျေးရွာကို ဝင်စီးကာ ရွာလုံးကျွတ်မီးတင် ရှို့ပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ဖမ်းဆီးထားသော ပြည်သူ ၂ ဦးကို လည်လှီးခြင်း၊ ခြေလက်များကို ခုတ်ထစ် သတ်ဖြတ်ထားပြီး အလောင်း ၂ လောင်းကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် တွေ့ရှိရကြောင်း ဒေသခံ တစ်ဦးက ပြောဆိုသည်။

“အခုပဲ ရွာထဲကနေ သတင်းဝင်လာပါတယ်။ မိုးကြိုးပြင်(မြောက်)ကျေးရွာမှာ ပြည်သူ ၂ ဦးကို လည်လှီးသတ်ထားတယ်။ ၁ ဦးကို လှည်လီးသတ်ထားတယ်။ နောက် ၁ ဦးကို ခြေတွေ လက်တွေ ခေါင်းတွေ အကုန် ခုတ်ထစ်ပြီး သတ်ထားတယ်။ အလောင်း ၂ လောင်း ပြန်ရတယ်။ အဲဒါ မနေ့က စစ်တပ်က ဓားစာခံ ဖမ်းဆီးလိုက်တဲ့ ရွာသား ၂ ဦးပါ ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယနေ့ နံနက်အစောပိုင်းတွင်လည်း လက်ပံတောင်းတောင်ဒေသ၊ ဆည်တဲကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးရွာခံ ကိုဇော်နိုင် အပါအဝင် ရွာသူရွာသား အမျိုးသမီး၊ ကလေး ၊ သက်ကြီးရွယ်အို မချန် အနည်းဆုံး ပြည်သူ ၂၀ ကျော်ကို စစ်တပ်က ဓားစာခံ ဖမ်းဆီးထားကြောင်း၊ နေအိမ်များကို ဝင်မွှေနေပြီး ပြည်သူများအားလုံး ထွက်ပြေးနေ ရကြောင်း သိရှိရသည်။

“ဆည်တဲဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ ရွာထဲမှာ ရှိနေတဲ့ ကိုဇော်နိုင်ကိုလည်း ဓားစာခံ ဖမ်းထားတယ်။ အခြား အမျိုးသမီး၊ အမျိုးသား၊ ကလေး၊ လူကြီး မကျန် ၂၀ ကျော် အဖမ်းခံထားရတယ်။ ဆည်တဲမှာလည်း ဖမ်းဆီးပြီး တော့သတ်တာဆိုတော့ အသက်အန္တရာယ်ကတော့ ဖမ်းဆီးခံရသူအားလုံးမှာ ရှိနေတယ်” ဟု ဆည်ဆဲကျေးရွာ သားတစ်ဦးက ပြောသည်။

လက်ရှိတွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီ ဘေးပတ်ဝန်းကျင် တုံကျေးရွာအပါအဝင် ကျေးရွာများအားလုံးမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- သိန်းစိန်အစိုးရလက်ထက် တရုတ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဆန္ဒပြကြသည့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article