ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၅၅ မိနစ်ခန့်တွင် နေပြည်တော် လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးသည် ကန်ပက်လက်မြို့ပေါ် ၂ နေရာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ် မြောက်ပိုင်း ကံကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ခိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၈၆ နှစ်အရွယ် အဘိုးအို ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဩဂုတ်လ ၁၆ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးမှ တက်လာသည့် ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၅၀၀ ဗုံး နှစ်လုံးဖြင့် ကံကြီးရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၈၆ နှစ်အရွယ် အဘိုးအို ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“မနေ့က ည ၇ နာရီ ၁၅ လောက်မှာ ဖြစ်သွားတာ တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာက ကျောက်ထုဘက်ကို တစ်ပတ်လောက်ပတ်ပြီးမှ အနိမ့်ပျံသန်းလာပြီး ဗုံးကျဲ တိုက်ခိုက်သွားတာ ထိခိုက်သွားတာက အသက် ၈၆ နှစ်အရွယ်အဘိုးကြီး လက်က မစိုးရရတဲ့ ဒဏ်ရာတော့ ရသွားတယ်။ အိမ်တော့ အတော်ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။


