26.8 C
Yangon

ဆီဆိုင်မြို့နယ်၊ နောင်ထော်ကယန်းပိုင်းကျေးရွာကို စစ်တပ် လက်အောက်ခံ PNO အဖွဲ့က မီးရှို့မှု နေအိမ် ၁၀၀ ကျော် ပြာကျ

Must read

ရန်ကုန်၊ ဩဂုတ် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ နောင်ထော်ကယန်း ပိုင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း PNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူခွန်းရိန်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဩဂုတ်လ ၉ ရက်နေ့မှစ၍ ယနေ့အထိ ဆီဆိုင်မြို့နယ် ၊ နောင်ထော်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNO ပြည်သူ့စစ်များက မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အလုံး ၁၀၀ ကျော်မီးလောင်ပြာကျထားပြီဖြစ်ကြောင်း၊ ယင်းကျေးရွာသည် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသလို တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိကြောင်း သိရ သည်။

“မီးရှို့တာကတော့ ၉ ရက်နေ့ကစပြီး ဒီနေ့အထိပေါ့၊ စာရင်းအတိအကျတော့ မရသေးဘူး။ ယူလို့ မရ သေးဘူး။ အရှို့ခံရတဲ့နေအိမ်တွေကတော့ အလုံး ၁၀၀ ကျော်နေပြီ။ ဒီမီးရှို့ခံရတဲ့ရွာက တိုက်ပွဲနဲ့တော့ ဘာမှ မဆိုင်ဘူး။ တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိပဲနဲ့ ရွာထဲကနေအိမ်တွေကို တစ်အိမ်ပြီး တစ်အိမ် လိုက်ရှို့နေတာပါ” ဟု PNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူခွန်းရိန်းယံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိပဲ ပြည်သူလူထုနေအိမ်များကို မီးရှို့ ဖျက်ဆီးနေခြင်းသည် အောက်တန်းကျ၊ ယုတ်မာသည့်လုပ်ရပ်ဖြစ်ပြီး ပအိုဝ်းလူငယ်၊ လူရွယ်ပညာ တတ်များအနေဖြင့် ခရိုနီနေဝင်း၏ အကျိုးစီးပွား၊ စစ်အာဏာရှင်တို့၏အကျိုးစီးပွားကာကွယ်ရန် ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသကို ပြန်မီးရှို့နေရခြင်းကို ပျော်နေကြသလားဟု ၎င်းက ဆက်လက်မေးခွန်း ထုတ်ထားသည်။

“ဒါကြီးကတော့ တော်တော်ကြီးကို အောက်တန်းကျတဲ့ ယုတ်မာတဲ့လုပ်ရပ်လို့ ပြောရမှာပေါ့။ စစ်ရေး နဲ့မသက်ဆိုင်တဲ့ ကျေးရွာလူထုတွေကို ရန်သူတို့သတ်မှတ်ပြီးတော့ တိုက်ခိုက်ဖျက်ဆီးနေတဲ့ အာဏာ ရှင်တွေရဲ့ လုပ်ရဖြစ်ပါတယ်။ အဲဒီ ရွာကို မီးရှို့တဲ့အထဲမှာ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ စစ်ကော်မရှင် လက်အောက်ခံ PNO ပြည်သူစစ်တွေပါတယ်။ အဲဒီပြည်သူ့စစ်မှာပါဝင်နေတဲ့ လူငယ်၊ လူရွယ် ပညာတတ် ပအိုဝ်းလူငယ်တွေအနေနဲ့ ကိုယ့်ဒေသကို ကိုယ်ပြန်ပြီးတော့မှ မီးရှို့ဖျက်ဆီးနေရ တာကို ဒီအတိုင်းပဲ ကြည့်နေကြတော့မလား၊ ပျော်ပျော်ပဲ လုပ်နေကြတာလား။ ခရိုနီနေဝင်းထွန်းရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်၊ ဒီစစ်အာဏာရှင်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ကိုယ့် လူမျိုး၊ ကိုယ့်ဒေသ၊ ကိုယ့်ကျေးရွာတွေကို မီးပြန်ရှို့နေပြီလားလို့ ပြောချင်တယ်”ဟု PNLA သတင်း နှင့်ပြန်ကြားရေး တာဝန်ရှိသူ ခွန်းရိန်းယံက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article