ရန်ကုန်၊ ဩဂုတ် ၁၈
အကြမ်းဖက်စစ်ကောင်စီက မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတားကို ယနေ့မှစတင်၍ ပိတ်ပင်လိုက်ရာတွင် ထိုင်းနိုင်ငံကို ကြိုတင် အသိပေး အကြောင်းကြားခြင်းမရှိကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ကုန်စည်ကားများ အဓိက ဖြတ်သန်းရာ ထိုင်း-မြန်မာ အမှတ် ၂ ချစ် ကြည်ရေးတံတားကို စစ်တပ်က အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ပိတ်ပင်လိုက်ကြောင်း၊ အဆိုပါ တံတားမပိတ်ခင်ကတည်းက ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ကုန်ကားများကို မြန်မာဘက်က ဖြတ်သန်းခွင့်မပေးသဖြင့် ကုန်ကား ၅၀၀ နီးပါး သောင်တင်နေခဲ့ကြောင်း၊ ယင်းနောက် ယနေ့ နံနက်ပိုင်းတွင် အမှတ် ၂ ချစ်ကြည်ရေးတံတားကို မြန်မာဘက်က တစ်စုံတစ်ရာ အကြောင်းကြားခြင်းမရှိဘဲ ပိတ်ပင်ခဲ့ကြောင်း သိရှိရသည်။
“အခုဖြစ်တာကတော့ စစ်ခေါင်းဆောင်က တရားမဝင် ကုန်သွယ်ရေး တိုက်ဖျက်ရမယ်၊ လက်နက်ကိုင်အဖွဲ့တွေက တရားမဝင် ကုန်သွယ်မှုကနေ အခွန်ကောက်ပြီး အင်အား ကြီးထွားနေတယ်ဆိုပြီး ဩဂုတ်လ ၁၂ ရက်နေ့က ပြောပြီးတော့ ပိတ်ပင်တာတွေ ဖြစ်လာတာပဲ။ အဲဒီမတိုင်ခင်ကလည်း ရတခ ဒုတိယတိုင်းမှူးနဲ့ အဖွဲ့ ကို ကုန်ကားတွေ လာဘ်ယူ ခွင့်ပြုလို့ ဆိုပြီး ဖမ်းဆီး တာဖြစ်တယ်။ အခြေအနေက စစ်တပ်က သူမနိုင်တော့ နိုင်ရာကို လုပ်တဲ့သဘောလို့ မြင်ရတယ်။ တံတား ဘယ်တော့ ပြန်ဖွင့်မလဲ အတိအကျ မသိရဘူး” ဟု ထိုင်း-မြန်မာနယ်စပ် အခြေစိုက် မြ၀တီမှ နယ်စပ်ကုန်သည်တစ်ဦးက ပြောဆိုသည်။
ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားကိုမူ ပုံမှန်အတိုင်း ဖွင့်လှစ်ထားသော်လည်း ကုန်စည်စီးဆင်းမှုအတွက် အဓိက တံတားမှာ အမှတ် ၂ ချစ်ကြည်ရေးတံတားဖြစ်ကြောင်း သိရှိရသည်။
ဩဂုတ်လ ၁၂ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကော်မရှင် အစည်းအဝေးတွင် မင်းအောင်လှိုင်က နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများမှတစ်ဆင့် လက်နက်ကိုင်တပ်ဖွဲ့များက ဆက်ကြေးကောက်ခံ၍ အင်အားပိုမိုတည်ဆောက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင် ကုန်သွယ်မှုနှင့် တရားမဝင်ကုန်စည်များကို ထိထိရောက်ရောက် တားဆီးဖော်ထုတ် ဖမ်းဆီးရမည်ဖြစ်ကြောင်း ပြောဆိုအမိန့်ပေးခဲ့သည်။
ဩဂုတ်လဆန်းပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ်မှ ဝင်လာသော ကုန်ကားများကို မဖမ်းဘဲ လာဘ်ငွေယူ လွှတ်ပေးမှုဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း၊ အကောက်ခွန်ညွှန်ကြားရေးမှူး စိုးညွန့်အောင် အပါအဝင် ဌာနဆိုင်ရာ အရာရှိ ၁၅ ဦးတို့ကို ဒုစစ်ခေါင်းဆောင် စိုးဝင်းအမိန့်ဖြင့် ဖမ်းဆီးခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


