26.9 C
Yangon

တောင်ကြီးမြို့တွင် TNLA နှင့် MNDAA ကို ဆန္ဒပြရန် စစ်တပ်က ပြည်သူများကို အတင်းအဓမ္မဆင့်ခေါ်နေ ၊ ရှမ်းလူငယ်များ ဦးဆောင်သော Dai Youth Congress ကလည်း စစ်တပ်၏ လုပ်ရပ်ကို အပြင်းအထန်ကန့်ကွက်

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပေါ်တွင် TNLA နှင့် MNDAA ကို ဆန္ဒပြရန် စစ်တပ်က ပြည်သူများကို အတင်းအဓမ္မဆင့်ခေါ်နေကြောင်း တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက်နှင့်ကံကြီးရပ်ကွက်မှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် တောင်ကြီးမြို့ပေါ်တွင် TNLA နှင့် MNDAA ကို ရှမ်းပြည်သူလူထုက အလိုမရှိကြောင်း ဆန္ဒပြရန်အတွက် စစ်တပ်၏ အမိန့်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူများကို အတင်းအကျပ် တစ်အိမ်ထောင်လျှင် တစ်ဦးလာရောက်ရန် ဆင့်ခေါ်နေကြောင်း သိရှိရသည်။

“ဒီမနက်အစောကြီး TNLA နဲ့ MNDAA ကို ရှမ်းပြည်သူတွေက အလိုမရှိတဲ့ ဆန္ဒပြပွဲကို ဒီနေ့လယ်မှာ လုပ်မှာမို့ တစ်အိမ်တစ်ဦး မလာမနေရ လာခိုင်းနေတယ်။ နာရီဝက် ဆန္ဒပြလာပြပြီးရင် ပြန်လို့ရတယ်ပြောပါတယ်” ဟု ကျောင်းကြီးစုရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရှမ်းပြည်တောင်ပိုင်းတွင် TNLA နှင့် MNDAA ကို ဆန္ဒပြပွဲများကို ယမန်နေ့မှစတင် စစ်တပ်က လုပ်ဆောင်ခဲ့ပြီး ရှမ်းပြည်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နှင့် မိုင်းပန်မြို့တို့တွင် ယမန်နေ့ နံနက်ပိုင်း ဒေသပြည်သူများနှင့် Non-CDM ဝန်ထမ်းများကို အတင်း အကျပ် ဆင့်ခေါ်၍ TNLA နှင့် MNDAA အလိုမရှိကြောင်း ဆန္ဒပြခိုင်းခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲများမှာ ရှမ်းပြည်သူလူထု၏ ဆန္ဒမဟုတ်ဘဲ စစ်တပ်က ပဋိပက္ခဖြစ်စေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ယမန်နေ့ တရားဝင် ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့သည်။

အလားတူ ရှမ်းလူငယ်များ ပါဝင်သော Dai Youth Congress ကလည်း ရှမ်းပြည်ဒေသအတွင်းရှိ လူမျိုးစုများအကြား ပဋိပက္ခဖြစ်စေရန်ရည်ရွယ်ချက်များဖြင့် စစ်တပ်က ပြည်သူများကို တစ်အိမ်ထောင် တစ်ဦးနှုန်း မလာမနေရစနစ်ဖြင့် ခေါ်ဆောင်ကာ TNLA နှင့် MNDAA အပါအဝင် တော်လှန်ရေးအင်အားစုများကို ဆန့်ကျင်သည့် ဆန္ဒပြခိုင်းနေမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း တရားဝင် ကြေညာချက် ထုတ်နြပ်သည်။

ရှမ်းပြည်တောင်ပိုင်းတွင် စစ်တပ်က သြဂုတ်လ ၁၈ ရက်နေ့တွင် မိုးနဲ၊ မိုင်းပန်၊ ကွန်ဟိန်၊ ခိုလန် မြို့များတွင် လည်းကောင်း၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ပင်လုံ၊ လဲချား၊ နမ့်စန်၊မောက်မယ်မြို့များတွင် လည်းကောင်း၊ သြဂုတ်လ ၂၀ ရက်နေ့တွင် မိုင်းရယ်၊ နမ့်လန် စသည့်မြို့များအပါအဝင် ရှမ်းပြည်တစ်ဝှမ်းလုံးရှိမြို့များတွင် TNLAနှင့် MNDAA အပါအဝင် တော်လှန်ရေးအင်အားစုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ လုပ်ဆောင်ခိုင်းကာ ပြည်သူများကို အတင်းအဓမ္မ ပါဝင်စေခိုင်းနေကြောင်း Dai Youth Congress က ထုတ်ပြန်ကြေညာထားသည်။

“စစ်တပ်ကရည်ရွယ်ချက်ရှိရှိ လူမျိုးရေးပဋိပက္ခကိုမီးမွှေးနေတာဖြစ်တယ်။ အဲဒီလို မီးမွှေးတဲ့အထဲ ပြည်သူတွေက အသုံးချခံရတာဖြစ်တဲ့အကြောင်း သိစေချင်လို့ ဒီစာကို ထုတ်တာပါ။ သူတို့ရဲ့လုပ်ရပ်တွေကိုလည်း ကန့်ကွက်ကြောင်းလည်ူ ထုတ်ဖော်ပြောကြားချင်လို့ပါ”ဟု Dai Youth Congress မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုပြင် ဆန္ဒပြပွဲများသို့ လာရောက်မည့်သူများကိုလည်း ရှမ်းဝတ်စုံမဖြစ်မနေရဝတ်ရန် စစ်ကော်မရှင်အရာရှိများက ၎င်းတို့၏ လက်အောက်ခံ ထွေအုပ်ဝန်ထမ်းများကို ညွန်ကြားထားသည်ဟု သိရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက် စစ်အုပ်စု၏ အဆိုပါလုပ်ရပ်များသည် ယခင်စစ်အာဏာရှင်အဆက်ဆက် ကျင့်သုံးသည့် သွေးခွဲဖိနှိပ်အုပ်ချုပ်ရေးစနစ်များသာဖြစ်ပြီး ယခုဆန္ဒပြပွဲများသည် ရှမ်းပြည်ဌာနေလူမျိုးစုအချင်းချင်းကြား ပဋိပက္ခဖြစ်ပွားစေရန်ရည်ရွယ်လုပ်ဆောင်နေသည်မှာထင်ရှားနေကြောင်း၊ စစ်ကော်မရှင်တွင် အားတက်သရော လိုလားစွာပါဝင်နေကြသော ရှမ်းလူမျိုးအချို့သည်လည်း ရှမ်းပြည်သူတစ်ရပ်လုံး၏ သဘောဆန္ဒများကို လုံးဝကိုယ်စား မပြုကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ ကျင်းပသည့် ဆန္ဒပြပွဲများတွင် ပါဝင်သည့် ပြည်သူလူထုများသည်လည်း နိုင်ငံရေးအသုံးချခံများသာဖြစ်ပြီး စစ်အုပ်စု၏ ယခုလုပ်ရပ်များကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနှင့် ယခုဆန္ဒပြပွဲများသည် ရှမ်းပြည်သူလူထုသဘောဆန္ဒများမပါဝင်ကြောင်း Dai Youth Congress က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article