ရန်ကုန်၊ ဩဂုတ် ၂၀
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အရပ်ဝတ်ဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသော တပ်ကြပ်ကြီး ကျော်မြင့်သွင် ကို အရှင်ဖမ်းမိသော်လည်း ခုခံ ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးစဉ် သေဆုံးခဲ့ကြောင်း ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ်အတွင်း အရပ်ဝတ်ဖြင့် ဆေးကုသရန် အယောင်ဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများနှင့် ထောက်ပို့များ၏ သတင်း များကို လိုက်လံ စုံစမ်းနေသော အမှတ် ၃ စုဆောင်းရေးတပ်မှ တပ်ကြပ်ကြီး ကျော်မြင့်သွင်ကို တော်လှန်ရေး တပ်ဖွဲ့များက အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးပြီးနောက် စစ်ဆေးမှုများ ပြုလုပ်စဉ် စုဆောင်းရေတပ်တွင် လက်ရှိချိန်ထိ တာဝန်ထမ်းဆောင်နေကြောင်း၊ စစ်သားအသစ်များ စုဆောင်းပေးခြင်း၊ ပျူစောထီးများနှင့် ပူးပေါင်းပြီး ပြည်သူများကို ဒုက္ခအမျိုးမျိုးပေးခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဝန်ခံ ထွက်ဆိုခဲ့ကြောင်း သိရှိရသည်။
ထို့နောက် တော်လှန်ရေး တပ်ဖွဲ့များက တပ်ကြီးကြီ ကျော်မြင့်သွင်ကို တပ်စခန်းသို့ ဖမ်းဆီးသွားရန် ပြုလုပ်စဉ် ပြန်လည် ခုခံ ထွက်ပြေးသောကြောင့် လိုက်လံ ပစ်ခတ် ဖမ်းဆီးစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သတင်းထောက်လှမ်းဖို့ လာရင်းနဲ့ မိတာပါ။ မှတ်ပုံတင် အမျိုးမျိုးနဲ့ ဖုန်း sim card ရယ် ဆိုင်ကယ်လိုင်စင် စာအုပ်က အများကြီးပါ။ ဝန်ထမ်းကဒ်လည်းပါတယ်ပေါ့။ စစ်ဆေးနေရင်း ရဲဘော်တွေကို ခုခံပြီးထွက်ပြေးလို့ ပစ်ခတ်ရှင်းလင်လိုက်ရတာ သေနတ်တော့မပါဘူး။ ဆေးကုတဲ့ ဆရာယောင်ဆောင်ပြီးလာတာပါ။ စစ်ခွေး ဒေါက်တိုင်တွေရော စစ်ခွေးတွေရော ပြေးစရာမြေမရှိပါဘူးလို့ ကိုယ့်အသိစိတ်နဲ့ကိုယ် အလင်းဝင်ရင် အသက်ချမ်းသာရာရမယ်လို့ပြောချင်ပါတယ်” ဟု ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
