27.1 C
Yangon

ကျောက်ဖြူမြို့နယ်အတွင်း AA နှင့် စစ်တပ်တို့ စစ်မျက်နှာ ၆ ခုတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ အထိနာ

Must read

ရန်ကုန်| ဩဂုတ် ၂၁

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲမှာ ဆက်လက် ရှိနေဆဲဖြစ်ပြီး စစ်မျက်နှာနေရာ ၆ ခုတွင် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။

ဩဂုတ်လ ဒုတိယ အပတ်မှစ၍ ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၃၂ ရဲတပ်ရင်းနှင့် ဓညဝတီရေတပ်ဌာနချုပ် အနီးတို့တွင် ပြန်လည် စတင်ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲများမှာ ယခုရက်ပိုင်းအထိ ရှိနေဆဲဖြစ်သည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “နေရာ ၆ ခုလောက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ သပြုတောင်၊ လိပ်ခမော်၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ ပြင်ရှည်နဲ့ စည်မော်ဘက်တွေမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေကြပါတယ်။ စစ်ကောင်စီကတော့ ကြည်း၊ ရေ၊ လေ သုံးစလုံးနဲ့ တိုက်ခိုက်နေပြီးတော့ တပ်တော်ဘက်ကလည်း ပြန်ချနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက တပ်တော်ဘက်က အရမ်းကြီး တိုက်ခဲ့တာမရှိပေမယ့် အခုတော့ စစ်ကောင်စီ ထိုးစစ်တွေကို ပြန်တိုက်ခိုက်နေပါတယ်” ဟု ပြောသည်။

စစ်ကောင်စီက အာရက္ခတပ်တော် AA ကို ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် တိုက်ခိုက်နေသော်လည်း ဒရုန်းတိုက် ခိုက်မှုများနှင့် စနိုက်ပါပစ်ခတ်မှုများကို အဓိက အသုံးပြုနေကြောင်းလည်း နောက်ထပ် ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ပင်လယ်ပြင်ကနေ စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်ခတ်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိပါတယ်။ အဓိကတော့ ဒရုန်းနဲ့ ဗုံးကြဲတာကို အဓိက လုပ်နေတယ်။ စနိုက်ပါပစ်ခတ်မှုတွေလည်း ရှိတယ်လို့ သိရတယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေ နေထိုင်တဲ့ နေရာတွေကိုလည်း ပစ်ခတ်တာရှိတယ်လို့ သိရတယ်။ AA ကလည်း ပြန်တိုက်ခိုက်နေတာရှိပါတယ်။ တိုက်ပွဲက ပိုပြင်းထန်လာဖို့ရှိတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့် ၁၀ ရက်ခန့် စစ်ကောင်စီ၏ အမှတ် ၃၂ ရဲတပ်ရင်းအနီး အာရက္ခတပ်တော် AA ခြေကုပ်ယူထားသော စစ်စခန်း ၄ ခုကို စစ်ကောင်စီဖက်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် ဩဂုတ်လ ၁၆ ရက်နေ့တွင် AA က ယင်းစခန်းများကို လက်လွှတ်ပေးလိုက်ရသည်ဟု သိရသည်။

AA သတင်းရင်းမြစ်တစ်ခုကမူ စစ်တပ်စစ်ကြောင်း ၁ ခုကို အထိနာသွားသည်အထိ AA က တိုက်ခိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားကာ ကစဉ့်ကလျား ပြန်လည် ဆုတ်သွားသည်ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။

AA ခြေကုပ်ယူထားသည့်နေရာများကို သိမ်းယူခဲ့ပြီးကြောင်း စစ်ကောင်စီ ထောက်ခံသော တယ်လီဂရမ်ချန်နယ်များက ဓါတ်ပုံနှင့်တကွ ဖော်ပြထားသော်လည်း အာရက္ခတပ်တော် AA ဘက်က ကျောက်ဖြူစစ်ရေးနှင့်ပတ် သက်၍ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဩဂုတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည့် အာရက္ခတပ်တော် AA ၏ သတင်းစာရှင်းလင်းပွဲတွင် ကျောက်ဖြူမြို့နယ်က တိုက်ပွဲအခြေအနေများအား သတင်းထောက်များမှ မေးမြန်းခဲ့သော်လည်း ပြောခွင့်ရ ဦးခိုင်သုခက တိတိကျကျ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။

သို့သော်လည်း ကျောက်ဖြူမြို့နယ်အပါအဝင် ရခိုင်နှင့်အစပ် မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ကြောင်း ဩဂုတ်လ ၁၅ ရက်နေ့တွင် AA က ထုတ်ပြန်ထားသည်။

ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သော လိပ်ခမော်စခန်း၊ နှမ်းဖဲတောင်စခန်းနှင့် မင်းတပ်တောင် စခန်းတို့ကို ပြီးခဲ့သည့်လအနည်းငယ်က အာရက္ခတပ်တော် AA မှ သိမ်းပိုက်ထားသည့်အတွက် စစ်ကောင်စီက ယခု ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

ဓာတ်ပုံ – AA တပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article