ရန်ကုန်၊ ဩဂုတ် ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာအနီး တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ် တိုက်ခိုက်နေကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ ညပိုင်းမှ ယနေ့ နံနက် ဩဂုတ်လ ၂၁ ရက်နေ့မွန်းလွဲပိုင်းအထိ နောင်ပိန်ရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်ရှိအချိန်အထိ ထန်းပင်ကုန်းရွာထဲ၌ တပ်စွဲထားပြီး အရပ်သားပြည်သူများကို လူသားဒိုင်း အဖြစ် ဆက်လက်ဖမ်းဆီးထားကာ ရွာထဲမှ လက်နက်ကြီး၊ ဒရုန်းများဖြင့် ဆက်တိုက် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“တိုက်ပွဲကတော့ အခုချိန်ထိ ပြင်းထန်နေတုန်းပဲ စစ်ခွေးတွေက တစ်ချိန်လုံး လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေလည်း ခုခံ တိုက်ခိုက်နေတယ်” ဟု ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ပြင်ဦးလွင်မှ ထွက်ခွာသော သံချပ်ကာ ကားများ ပါဝင်သည့် စစ်ယာဉ်တန်းသည်လည်း နောင်ချိုမြို့နယ် အတွင်း ရောက်ရှိလာကြောင်း၊ ကျောက်မဲမြို့နယ်ဘက်သို့ လက်ရှိအချိန်အထိ ထွက်ခွာလာခြင်းမရှိသေးကြောင်း သိရသည်။
ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာ၊ ပင်တီးဘုန်းတော်ကြီးကျောင်းကို အကြမ်း ဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦး သေဆုံးကာ ၁၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏ အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှု အပေါ် သျှမ်းကျောင်းသားသမဂ္ဂနှင့် Tai Youth အဖွဲ့တို့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
