27.9 C
Yangon

မင်းအောင်လှိုင်က ရွေးကောက်ပွဲတွင် ပြည်သူများ မဖြစ်မနေ မဲထွက်ပေးစေရေး နည်းလမ်းမျိုးစုံဖြင့် အသုံးပြုရန် အမိန့်ပေး၊ ကြိုတင်မဲများကောက်ယူခြင်းနှင့် ဆန္ဒမဲ အစမ်းလေ့ကျင့်ပွဲများဖြင့် ဆန္ဒမဲများ စတင်ရယူလာ

Must read

🟥ရွေးကောက်ပွဲ အစမှ အဆုံးအထိ နယ်မြေခံစစ်အရာရှိများက ဦးဆောင်စီမံကွပ်ကဲမည်

ရန်ကုန်၊ ဩဂုတ် ၂၂

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြည်သူ များ မဖြစ်မနေ မဲထွက်ပေးစေရေး ဌာနဆိုင်ရာများက ယခုကတည်းက ကြိုတင်လုပ်ဆောင်ရန် အမိန့်ညွှန်ကြားချက် တစ်ရပ်ထုတ်ပြန် ထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း ၁ ပြုလုပ်မည်ဖြစ်ပြီး ယင်းရွေးကောက်ပွဲတွင် ပါဝင်သော မြို့နယ် ၁၀၂ ခု အပါအဝင် အပိုင်းလိုက်ပြုလုပ်မည့် ရွေးကောက်ပွဲတိုင်းတွင် ပြည်သူလူထုက ဆန္ဒမဲပေးကြစေရေး နည်းလမ်းမျိုးစုံ အသုံးပြု လုပ်ဆောင်ရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း၊ ယင်းညွှန်ကြားချက်မှာ တပ်နယ်များ၊ဝန်ကြီးဌာန ပေါင်းစုံနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံသို့ ရောက်ရှိကြောင်း သိရှိရသည်။

“ရွေးကောက်ပွဲမှာ လူတွေ မဖြစ်မနေ ဆန္ဒမဲ ထွက်ပေးကြဖို့ ဌာနဆိုင်ရာအဆင့်ဆင့်က ကြီးကြပ်ကွပ်ကဲဆောင် ရွက်ကြဖို့ ညွှန်ကြားတယ်။ ရွေးကောက်ပွဲအတွက် လုံခြုံရေးနဲ့ ဆန္ဒမဲပေးသူ များပြားစေရေး ဌာနဆိုင်ရာ အချင်း ချင်း ပူးပေါင်းဆောင်ရွက်ကြဖို့ ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးတွင် သက်ဆိုင်ရာ တပ်နယ်နှင့် စစ်အရာရှိများက လုံခြုံရေးမှစတင်၍ မဲရေတွက်ပြီးစီးသည်အထိ ဦးဆောင်ပါဝင်မည်ဖြစ်ပြီး ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်းဆောင်ရွက်ရမည်ဟု ညွှန်ကြားစာတွင် ပါရှိကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း မြို့နယ်နှင့်ရပ်ကွက်များတွင် ဆန္ဒမဲ အစမ်းလေ့ကျင့်ပွဲများ ပြုလုပ်ရန်ရှိသည်ဟုဆိုကာ အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်းကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက မဖြစ်မနေ လာရောက်ရန် ဆင့်ခေါ်နေကြောင်း၊ အသက် ၅၀ နှစ် ပြည့်သူများအနေဖြင့် ကြိုတင်မဲအဖြစ် ပေးလိုပါက ပေးနိုင်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စာပေးပို့လာကြောင်း သိရှိရသည်။

ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရပ်ကွက်အများစုတွင် ဆန္ဒမဲပေးပွဲများ အစမ်းလေ့ကျင်မည့်ဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မပျက်မကွက်တက်ရောက်ရန် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ဆင့်ခေါ်ထားကြောင်း သိရှိရသည်။

“ဘားအံ အမှတ် ၁ ရပ်ကွက်မှာ ကြံ့ဖွတ်ပါတီဝင် ရာအိမ်မှူး ဖေသန်းက အသက် ၁၈ နှစ်ပြည့်သူတိုင်း ဆန္ဒမဲပေးပွဲ အစမ်းလေ့ကျင့်မှုကို မဖြစ်မနေ လာဖို့ ဆင့်ခေါ်စာတွေ လိုက်ပေးတယ်။ ဒီနေ့ နေ့လယ် ၂ နာရီ အသက် ၁၈ နှစ်ပြည့် သူတိုင်း မပျက်မကွက် လာရမယ်ဆိုပြီး ဖိအားပေးခေါ်နေပါတယ်” ဟု ဘားအံမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင်လည်း ဆန္ဒမဲ အစမ်းလေ့ကျင့်ပွဲ ကျင်းပမည်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူများ၏ မှတ်ပုံတင်၊ ကိုယ်ရေးရာဇဝင်များ ကောက်ယူပြီး ရပ်ကွက်ရုံးသို့ မဲလာပေးရန် ဆင့်ခေါ်နေကြောင်း သိရှိရသည်။

“မှတ်ပုံတင်၊ UDI ကတ်ယူပြီး ရပ်ကွက်ရုံးမှာ ဆန္ဒမဲ အစမ်းလေ့ကျင့်ပွဲ မဲလာပေးခိုင်းတယ်။ မလာမနေရ လုပ်နေတာ။ သူတို့ပြောတဲ့ မဲပေးစက်နဲ့ မဲပေးခိုင်းတာ” ဟု မရမ်းကုန်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေး ကောက်ပွဲ အပိုင်း ၁ အဖြစ် မြို့နယ်ပေါင်း ၁၀၂ ခုတွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ် ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article