စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီး ဗဟိုပြု၍ အင်အား ၅.၆ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် အမျိုးသားညီညွတ်ရေး အစိုးရ၏ သတင်းထုတ်ပြန်အရ သိရသည်။
ယနေ့ သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၂၆ မိနစ်ခန့်တွင် မော်လိုက်မြို့၏ အနောက်တောင်ဘက် ၃၅ ကီလိုမီတာအကွာ မြေအောက်အနက် ၁၀၃ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၅.၆ အဆင့်ရှိသော အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မြေငလျင် လှုပ်ခတ်မှုများကို ပြည်သူများ သိသာစွာ ခံစားခဲ့ရပြီး နေအိမ်များ ယိမ်းထိုးမှု ရှိကာ လမ်းမပေါ် ထွက်ပြေးခဲ့ရကြောင်း သိရသည်။
“မြေငလျင်လှုပ်ခတ်တာ တော်တော်သိသာပါတယ်။ နေအိမ်တွေတော့ ယိမ်းထိုးသွားတယ်။ ထိခိုက်မှုအခြေအနေတော့ ဘာမှမကြားသေးပါဘူး။ ငလျင်တော်တော်လေးတော့ ပြင်းတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ သြဂုတ်လ ၂၁ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ သုံးခွမြို့၏ အရှေ့တောင်ဘက် ၆၆ ကီလိုမီတာအကွာ မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်းအနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့် ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက် ဆက်တွဲ ငလျင် စုစုပေါင်း အကြိမ်ရေ ၂၀၀ ကျော် နီးပါး လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် မြန်မာ့ကမ်းရိုးတန်းအနီးတွင် ငလျင်ငယ်များ တောက်လျောက်လှုပ်ခတ်နေပြီး ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အမျိုးသား ညီညွတ်ရေး အစိုးရက အသိပေးနှိုးဆော်ထားသည်။
ဓာတ်ပုံ – မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့ပေါ်တွင် ထိခိုက်ပျက်စီးမှုများ (ပုံအဟောင်းဖြစ်သည်)
