စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာကို စစ်ကြောင်းထိုး ဝင်ရောက် လာသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးပြီး ၃ ဦးအရှင်မိကာ သေနတ် ၈ လက်သိမ်းဆည်းရရှိခဲ့ကြောင်း PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇူလိုင်လ ၂၇ ရက်နေ့ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိကာ သေနတ် ၈ လက်နှင့် စစ် အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“ကျော်ဇေယျာရွာဘက်ကို ဝိုက်ပြီး တက်လာတဲ့ ခွေးစစ်ကြောင်းကို အရင်ပစ်ခတ်မှုယူပြီး တိုက်ပွဲဖော်ဆောင်ခဲ့တာပါ။ စစ်ခွေး အလောင်း ၇ လောင်းနဲ့ သေနတ် ၈ လက် သိမ်းဆည်းရမိတယ်။ စစ်ခွေး ၃ ကောင်လည်း အရှင်ဖမ်းမိတယ်။ စစ်ခွေး စစ်ကြောင်းက ကျော်ဇေယျာရွာဘက်ကို တောလမ်းကနေ တက်လာတာပေါ့။ ကျနော်တို့က ကြိုတင်သတင်းရလို့ အရင်စောင့်ပြီး တိုက် ခိုက်ခဲ့တာပါ။ ကျော်ဇေယျာရွာက ရွှေဘို ကားလမ်းမကြီးဘေးကရွာပါ။ အင် အားက ၁၀၀ လောက်ရှိမယ် စစ်ခွေး စစ်ကြောင်းက စစ်ကိုင်းမြို့နယ် သစ်ချိုကုန်းကျေးရွာကနေ လာခဲ့တာပါ။ သစ်ချိုးကုန်ရွာနဲ့ ကျော်ဇေယျာက သိပ်ပြီးမဝေးပါဘူး။ တိုက်ပွဲကတော့ အပြင်းအထန် ဖြစ်ပွားခဲ့တာပါ” ဟု PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တိုက်ပွဲအတွင်း အထိနာခဲ့သော ကြောင့် သစ်ချိုကုန်းရွာ ၊ ကျော်ဇေယျာရွာ ၊ ပုဂံတူရွာ ၊ ယင်းမာကျင်းရွာ ၊ ချိုင်းကြီးရွာ ၊ လင်းတလူးရွာ ၊ ထန်းဖူးတောရွာနှင့် ကျားမင်းကြီးရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ရာနှင့်ချီ မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
(Facebook ၏ Community Standard စည်းမျဉ်းစည်းကမ်းများအရ စစ်သားများ အစုလိုက်အပြုံလိုက် သေဆုံးပုံများကို တင်၍ မရပါသောကြောင့် ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဆင်ဆာ ဖြတ်တောက်ခြင်းမရှိဘဲ သွားရောက် အားပေးကြည့်ရှုနိုင်ပါသည်။)


