28.5 C
Yangon

ရန်ကုန်တွင် ငွေကျပ် ၂၅၇ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု AA နှင့် SSPP ပတ်သက်ဟု စစ်တပ်၏ သတင်း ထုတ်ပြန်မှု နိုင်ငံရေးအောက်လုံးဖြင့် တိုက်ခိုက်မှုဟု ခိုင်သုခ တုံ့ပြန်

Must read

🟥 SSPP ကလည်း နိုင်ငံရေးအရ ဂုဏ်သိက္ခာကျစေရန် စစ်တပ်၏ တိုက်ခိုက်မှုဟု ပြန်လည် ကြေညာ

ရန်ကုန်၊ ဩဂုတ် ၂၄

ရန်ကုန်တွင် ငွေကျပ် ၂၅၇ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု AA နှင့်SSPP ပတ်သက်ဟု စစ်တပ်၏ သတင်း ထုတ်ပြန်မှုမှာ နိုင်ငံရေးအောက်လုံးဖြင့် တိုက်ခိုက်မှုဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် ဖမ်းမိသော ငွေကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလီတန်ဖိုးရှိ မူးယစ်ဆေးဝါး အများအပြားမှာ အာရက္ခတပ်တော် AA နှင့် ဆက်စပ်နေကြောင်း အာဏာသိမ်း စစ်ကောင်စီက ဩဂုတ်လ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်စွပ်စွဲထားသည်။

အဆိုပါ မူးယစ်ဆေးဝါးများမှာ ရန်ကုန်မြို့က တစ်ဆင့် ရခိုင်ပြည်နှင့် မလေးရှားရေပိုက်နက်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများဖြစ်ပြီး ရှမ်းပြည်နယ် ကျေးသီမြို့နယ် ဝမ်ဟိုင်းကျေးရွာနေ SSPP မှ ဗိုလ်မှူးအဆင့်ရှိ စိုင်းစု ဆိုသူက အဓိက စီမံခန့်ခွဲနေသူဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

“စိတ်ကြွရူးသွပ်ဆေးပြားနဲ့ ကက်တမင်းတွေကို ရန်ကုန်မှာ သိုလှောင်စေပြီး ပြည်ပသို့တင်ပို့ရာမှာ စီမံခန့်ခွဲသူဖြစ်တယ်။ ရခိုင်ပြည် မြေပုံမြို့မှာရှိတဲ့ ဝင်းခိုင်ဆီကို စိတ်ကြွရူးသွပ်ဆေးပြားတွေ ရောက်ရှိသွားရင် SSPP ဝမ်ဟိုင်းအဖွဲ့က AA အဖွဲ့သို့ အခွန်ပေးဆောင်တဲ့အခါ ဝမ်ဟိုင်းမှာနေထိုင်တဲ့ AA အဖွဲ့ ဗိုလ်မှူးအဆင့်ရှိသူ အကောက်အခွန်မှူး ကိုရေး ဆိုသူက လက်ခံတယ်” ဟု စစ်ကောင်စီက စွပ်စွဲထားခြင်းဖြစ်သည်။

စစ်ကောင်စီက ယခုဖမ်းမိသော မူးယစ်ဆေးဝါးများမှာ ဩဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်း ရွှေပြည်သာမြို့နယ် အမှတ် ၄ လမ်းမကြီးတွင် အောင်လင်း မောင်းနှင်လာသော ကွန်တိန်နာကားနှင့် သောင်းထွန်းမောင်နှင်လာသော ကားတို့ကို ဖမ်းဆီး စစ်ဆေးရာကနေ ပေါ်ပေါက်လာသည့် မူးယစ်ဆေးဝါး ကွင်းဆက်များဖြစ်ကြောင်း သိရသည်။

အောင်လင်းနှင့် သောင်းထွန်းတို့အား စစ်ဆေးပြီး ဩဂုတ်လ ၁၅ ရက်နေ့အထိ အဆင့်ဆင့် ဖော်ထုတ်ခဲ့ရာ ရခိုင်-ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေးဝါး ဖြန့်ဝေနေသော AA အဖွဲ့ဝင် ဝင်းခိုင်ထံတွင် အဆုံးသတ်ထားကြောင်း စစ်ကောင်စီက စွပ်စွဲထားခြင်းဖြစ်သည်။

AA ၏ အကောက်အခွန်မှူး ဗိုလ်မှူးအဆင့်ရှိ ကိုရေးဆိုသူက ရခိုင်ပြည်အတွင်း မူးယစ်ဆေးဝါးများ ဖြတ်သန်းခ စိတ်ကြွဆေးပြား ၁ သောင်းကို ကျပ် ၃ သိန်းနှုန်းဖြင့် ကောက်ခံမှုရှိကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။

ယခု မူးယစ်ဆေးဝါးဖြစ်စဉ်တွင် ဖမ်းမိတရားခံ ၁၃ ဦးရှိပြီး ၉ ဦးမှာ ဖမ်းဆီးရန် ကျန်ရှိနေကြောင်းနှင့် ၎င်းတို့အားလုံးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း စစ်ကောင်စီက ဆိုသည်။

ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကိုလည်း ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ယခုမူးယစ်ဆေးဝါးကုန်ကူးအဖွဲ့သည် စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ်မှ ရခိုင်ပြည်နှင့် မလေးရှားရေပိုင်နက်သို့ ကုန်းလမ်းနှင့် ပင်လယ်ရေကြောင်းတို့အသုံးပြု၍ သယ်ဆောင်ရောင်းဝယ်မှု အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြသည်ဟု စစ်ကောင်စီက ပြောသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုတွင် AA မှ ဗိုလ်မှူးတစ်ဦးက အခွန်ကောက်ခံသည်ဟု စစ်ကောင်စီ စွပ်စွဲချက်ကို ခိုင်သုခက ပယ်ချထားပြီး မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့်ပတ်သက်၍ မည်သည့်အစိုးရ၊ မည်သည့်နိုင်ငံဖြင့်မဆို ပူးပေါင်းတိုက်ဖျက်ရန် အဆင်သင့်ရှိကြောင်း ဦးခိုင်သုခက ပြောဆိုထားသည်။

“ဒီဟာကတော့ အခြေအမြစ်မရှိလုပ်ကြံစွပ်စွဲ တိုက်ကွက်ဖော်တဲ့ အောက်တန်းကျတဲ့ နိုင်ငံရေးအောက်လုံးတွေသာ ဖြစ်ပါတယ်၊ ဒီကိစ္စကျနော်တိုနှင့်လုံးဝဆက်စပ်ပတ်သက်မှုမရှိပါဘူး။ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ကျနော်တိုကို အရင်ကလဲဒီလိုမျိုးအကြိမ်ကြိမ်လုပ်ကြံစွပ်စွဲဖူးပါတယ်။ နောက်ဆုံးတော့လဲ သူတိုစစ်ကောင်စီကတာဝန်ထမ်းဆောင်ဆဲ အဆင့်မြင့်အရာရှိကြီးအဆင့်တွေကို ပဲခူးမှာ မူးယစ်ဆေးဝါးတွေနှင့် လက်ပူးလက်ကျဖမ်းမိတာအားလုံးအသိပါဘဲ။ အခုလဲရန်ကုန်ကိုရောက်လာတဲ့မူးယစ်ဆေးဝါးတွေဟာ ရန်ကုန်ကိုသူတိုတပ် မတော်လေယာဉ်တွေနှင့်ဘယ်ကနေ ဘယ်လိုသယ်လာသလဲ၊ ရန်ကုန်ကနေ သူတိုစစ်ကောင်စီရေတပ်က ဘယ်နိုင်ငံကိုဆက်ပြီးတော့ပို့မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်”ဟု ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခင်ကလည်း ရန်ကုန်မြို့တွင် ဖမ်းမိသော မူးယစ်ဆေးဝါးအမှုတစ်ချို့ကို အာဏာသိမ်း စစ်ကောင်စီက အာရက္ခတပ်တော် AA နှင့် ဆက်စပ်နေသည်ဟု စစ်တပ်က အကြိမ်ကြိမ် စွပ်စွဲခဲ့သည်။

စစ်တပ်၏ သတင်းထုတ်ပြန်မှုတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည်ဟု စွပ်စွဲခံရသော SSPP/SSA ကလည်း

စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်သည် SSPP/SSA အပေါ် နိုင်ငံရေးအရ ဂုဏ်သိက္ခာ ကျစေလိုခြင်း၊ နာမည်ပျက်ပြီး အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်ပြားစေခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်ပျက်ပြားစေခြင်းသာ ဖြစ်သည့်အတွက် လိုရာဆွဲထည့် ရေးသားတိုက်ခိုက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ပြန်လည် တုံ့ပြန်ကြေညာသည်။

SSPP/ SSA အနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး လုံးဝ ပပျောက်နိုင်ရန်အတွက် ထိန်းချုပ်ထားသည့် နယ်မြေဒေသအတွင်း အဖွဲ့၏ ပါတီဝင်၊ အဖွဲ့ဝင်များ ပါဝင်ပတ်သက်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ထုတ်လုပ်ခြင်းများ ပိတ်ပင်ထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article