ရန်ကုန်၊ ဩဂုတ် ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ချမ်းမြေ့စုရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန်ကျိုက်ထိုမြို့နယ်၊ ချမ်းမြေ့စုရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော် ၇ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ပါးမှာ ဒဏ်ရာအခြေအနေ ပြင်းထန်သောကြောင့် ဆေး ကုသရန် ပို့ဆောင်စဉ် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ချမ်းမြေ့စုရွာကို ဒီနေ့ နံနက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးကျဲသွားတယ်။ ကုလားဝေးဆိပ် တဘက်ကမ်းက ဘုန်းကြီးကျောင်းထဲ ဗုံးကျတယ်။ သံဃာတော် ၇ ပါး ထိခိုက်ဒဏ်ရာရတယ်။ ၂ ပါးကတော့ ဒဏ်ရာအခြေအနေ ပြင်းထန်လို့ ဆေးကုသဖို့ ပို့ဆောင်စဉ် ပျံလွန်တော် မူသွားတယ်။ ထိခိုက်ဒဏ်ရာရရှိထားတဲ့ သံဃာတော်တွေထဲက ၁ ပါးကလည်း အခြေအနေ စိုးရိမ်ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဩဂုတ်လ ၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတိုးကုန်း ကျေးရွာအုပ်စု ပိန္နဲကုန်းရွာသို့ စစ်တပ်က လေယာဥ် ဖြင့် ဗုံး ၁ လုံးကျဲချခဲ့ကြောင်း၊ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။


