24.1 C
Yangon

ဖာပွန်ခရိုင်တွင် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ပူးပေါင်း ပါဝင်သူများကို ခေါ်ယူ သတိပေးခြင်း၊ ထိန်းသိမ်းခြင်းနှင့် နယ်နှင်ဒဏ်ပေးခြင်းများ လုပ်ဆောင်မည်ဟု KNU တပ်မဟာ ၅ ထုတ်ပြန်

Must read

ရန်ကုန်၊ ဩဂုတ် ၂၆

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် အကြမ်းဖက် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ပူးပေါင်း ပါဝင်သူများကို ခေါ်ယူ သတိပေးခြင်း၊ ထိန်းသိမ်းခြင်းနှင့် နယ်နှင်ဒဏ်ပေးခြင်းများ လုပ်ဆောင်မည်ဟု KNU မူတရော်ခရိုင် အမှတ် ၅ တပ်မဟာ က ယနေ့ ဩဂုတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အကြမ်းဖက် စစ်ကောင်စီက ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲသည် အားလုံး ပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမှ ရရှိလာသော သဘောတူညီမှုဖြင့် ကျင်းပမည့် ရွေးကောက်ပွဲမဟုတ်သည့် အပြင် ဖယ်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ကျင်းပမည့်ရွေးကောက်ပွဲမဟုတ်သောကြောင့် ဤကျင်းပမည့် ရွေးကေက်ပွဲသည် လက်ရှိမြန်မာ့နိုင်ငံရေး ပဋိပက္ခကို အဆုံးသတ်နိုင်မည်မဟုတ်ဘဲ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကိုလည်းရရှိနိုင်မည်မဟုတ်ကြောင်း KNU တပ်မဟာ ၅ ကပြောဆိုထားသည်။

ထို ရွေးကောက်ပွဲကျင်းပခြင်းသည် အားလုံး ပါဝင်သင့်ပါဝင်ထိုက်သော နိုင်ငံရေးအဖွဲ့ အစည်းများ၊ တိုင်းရင်းသားတော် လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံးပါဝင်ခြင်းမရှိဘဲ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ၏ အလိုကျ ပြုလုပ်မည့်ရွေး ကောက်ပွဲသာဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲသည် စစ်မှန်ပြီး တရားမျှတသည့် ရွေးကေက်ပွဲမဟုတ်ဘဲ အကြမ်းဖက် စစ်ကောင်စီ ဗိုလ်ချုပ်များနှင့် ၄င်းတို့၏ အသိုင်းအဝိုင်းများ၊ စစ်တပ်ထောက်ခံသည့် နိုင်ငံရေးပါတီများအတွက်သာ အကျိုးကျေး ဇူးသက်ရောက်စေမှာဖြစ်ပြီး တိုင်းရင်းသားများနှင့် ပြည်သူလူထုအားလုံးအတွက် မည်သည့် အကျိုးကျေးဇူး မှရရှိနိုင်မည်မဟုတ်ကြောင်း သိရသည်။

ထိုကြောင့် ရွေးကောက်ပွဲ ပြုလုပ်ကျင်းပခြင်းသည် အကြမ်းဖက် စစ်ကောင်စီ အနေဖြင့် ၄င်းတို့ အာဏာသိမ်းမှုကို တရားဝင်မှုဖြစ်စေရန်နှင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက်သာဖြစ်သောကြောင့် မူတရော်ခရိုင် အမှတ် ၅ တပ်မဟာအနေနှင့် လုံးဝအသိအမှတ်ပြုလက်ခံနိုင်ခြင်းမရှိကြောင်း သိရှိရသည်။

မူတရော်ခရိုင် (KNLA) အမှတ် ၅ တပ်မဟာအတွင်းရှိ ပြည်သူလူထုများ၊ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်း (CBOs/CSOs) များနှင့် ဘာသာရေးခေါင်းဆောင်များ အနေဖြင့် မကြာမီ အကြမ်းဖက် စစ်ကောင်စီ က ကျင်းပပြုလုပ်မည့် တဘက်သတ် ရွေးကောက်ပွဲကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း လုံးဝပါဝင်ပူးပေါင်းပံ့ပိုးမှုများမပြုလုပ်ကြရန် မူတရော်ခရိုင်(KNLA)အမှတ် ၅ တပ်မဟာက အသိပေး ပြောဆိုထားသည်။

မူတရော်ခရိုင် (KNLA) အမှတ် ၅ တပ်မဟာ၏ ထုတ်ပြန်ချက်ကို လိုက်နာမှုမရှိသည့် ခရိုင်၊ တပ်မဟာအတွင်းရှိ မည်သူမဆို ခေါ်ယူအသိပညာပေးခြင်းနှင့်သတိပေးခြင်း၊ သင့်တော်သည့်နေရာတွင်ခေါ်ယူထိန်းသိမ်းထားခြင်းနှင့် မူတရော်ခရိုင်၊အမှတ်(၅)တပ်မဟာဒေသပြင်ပသို့ နယ်နှင်ဒဏ်ပေးခြင်းများဖြင့်အရေးယူဆောင်မှုများပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article