ရန်ကုန်၊ ဇွန် ၂၃
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ ဖြစ်ပွားခဲ့သော PDF များလိုက်ပါသော ဖောကားကို စစ်တပ်က ကြားဖြတ်တိုက် ခိုက်သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပွင့်ဖြူမြို့နယ်ရဲစခန်းက ခရိုင်ရဲတပ်ဖွဲ့ ထံ အကြောင်း ကြားသည့် လျှို့ဝှက်ကြေးနန်းစာ ပေါက်ကြားမှုနှင့်ပတ်သက်ပြီး ပွင့်ဖြူရဲ စခန်း တစ်ခုလုံးကို ဒုတိယရဲမှူးကြီး ဦးဆောင် သော အဖွဲ့တစ်ခုက လာရောက် စစ် ဆေးနေကြောင်း သိရှိရသည်။
ဇွန်လ ၂၂ ရက်နေ့၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီကြိုးတံတားတွင် PDF များ လိုက်ပါ သော ဖောကားကို စစ်တပ်က ကြားဖြတ်တိုက်ခိုက်ရာမှ PDF ၁၂ ဦးကျဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ လက်နက်များသိမ်းဆည်းရမိကြောင်း၊ ယင်းဖြစ်စဉ်ကို ပွင့်ဖြူ ရဲစခန်းက ခရိုင်ရဲတပ်ဖွဲ့ထံ အကြောင်းကြားသည့် လျှို့ဝှက် ကြေးနန်း အ ကြောင်း ကြားစာကို Khit Thit သတင်းဌာန က ဖြစ်စဉ် ဖြစ်ပွားအပြီး ၂ နာရီ ကျော် အတွင်း ဖော်ပြခဲ့ကြောင်း၊ ယင်းသို့ ဖော်ပြသည့်အတွက် စစ်ကြောင်းမှူး ဗိုလ်မှူး မင်းပိုင်စိုး၏ အမည်ပေါက်ကြားခြင်း၊ ဖြစ်စဉ် သတင်းများ ပေါက် ကြား သည့်အတွက် နောက်ဆက်တွဲ လုပ်ငန်းများ ရပ်ဆိုင်သွားခြင်း စသည့် သက် ရောက်မှုများ ရှိလာသည့်အတွက် စစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရသည်။
“ခရိုင်ရဲမှူးအဖွဲ့ လာပြီး မနေ့ညနေပိုင်းမှာ ရဲကြေးနန်းစာ ပေါက်ကြားလို့ လာ စစ်နေတယ်။ စခန်းတစ်ခုလုံးကို ဖမ်းတာတော့ မဟုတ်ဘူး ။ တစ်ဦးချင်းစီ စစ်တယ်။ ဖုန်းတွေစစ်တယ်။ ဒီနေ့လည်း စစ်တယ်။ မနက်ဖြန်လည်း စစ်ဦး မယ်ထင်တယ်။ ရဲစခန်းကိုတော့ ခြံစည်းရိုး နှစ်ထပ်ကာထားတယ်” ဟု ပွင့်ဖြူ မြို့နယ်မှ သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်ဆေးခံရသူများတွင် ပွင့်ဖြူ ရဲမှူး၊ စခန်းမှူး၊ မြို့နယ် မီးသတ်ဦးစီးမှူး၊ လ၀က ဦးစီးမှူး၊ ထွေ/အုပ်ဦးစီးမှူးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့လည်း ပါဝင် ကြောင်း သိရှိရသည်။
ထို့ပြင် PDF များကို သတ်ဖြတ်ရာတွင် ဦးဆောင်သူ ပွင့်ဖြူမြို့နယ် ဝါစိုက် ပျိုးရေးတပ်(၀စရတပ်) မှ ဗိုလ်မှူးမင်းပိုင်စိုးသည် တပ်ပြင်မထွက်တော့ဘဲ တပ်ထဲတွင်သာ နေထိုင်တော့ကြောင်း သိရှိရသည်။
“အရင်ကဆိုရင် ကားအပြာလေး မြို့ထဲပတ်နေတာ မင်းပိုင်စိုးက။ အခုတော့ မအလက အပြင်ကိုမထွက်တော့ဘူး။ ညတောင် အိပ်ပျော်ပါ့မလားပဲ” ဟု သတင်းရင်းမြစ်က အခြေအနေကို ရှင်းပြသည်။
ဓာတ်ပုံ- Khit Thit သတင်းဌာနက ယမန်နေ့ ဖြစ်စဉ် ဖြစ်ပွားအပြီး ၂ နာရီ ကျော်အတွင်း ဖော်ပြခဲ့သည် လျှို့ဝှက် ရဲကြေးနန်းစာ။