ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် PDF တပ်ဖွဲ့များ အကြိမ်ကြိမ် ခေါ်ယူ သတိပေးနေသည့်ကြားမှ အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော ပျူစောထီး မျိုးမင်းသူကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ စဥ့်ကူးရွာတွင်နေထိုင်သော အကြမ်းဖက် စစ်တပ် သတင်းပေး ပျူစောထီး မျိုးမင်းသူကို အင်ပင်လှရွာ အနီးတွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဆိုင်ကယ် ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော မျိုးမင်းသူ သည် ပျူစောထီး သင်တန်းဆင်း တစ်ဦး ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားသွားလာမှုများကို အကြမ်းဖက် စစ်တပ်ထံ သတင်းပေးခြင်း၊ ပြည်သူများ မြို့ပေါ်သို့ သွားရောက်ရာတွင် အကြမ်းဖက် စစ်တပ်ထံ ဖုန်းဆက်သတင်းပေး၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ၂၀၂၄ ခုနှစ် ၁၁ လပိုင်းကလည်း တော်လှန်ရေး ရဲဘော်များက ဖမ်းဆီးကာ အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းခြင်းမပြုလုပ်ရန် သတိပေး ပြောဆိုခဲ့သော်လည်း စစ်တပ်နှင့် ဆက်လက် ပူးပေါင်းနေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူ့ကို ၂၀၂၄ ခုနှစ်က ကျနော်တို့ ဖမ်းဆီးပြီး စစ်ခွေးတွေနဲ့ ပူးပေါင်းတာတွေမလုပ်ဖို့ အကြိမ်ကြိမ် ခေါ်ယူသတိပေးပြီး ပြန်လွှတ်ပေးဖူးတယ်။ အဲလို သတိပေးပြီးနောက်ပိုင်းမှာ ဒီကောင်က ပျူစောထီး သတင်းတွေပါတက်ပြီးတော့ လူငယ်တွေကို စစ်တပ်နဲ့ ပူးပေါင်းပြီး ပေါ်တာဆွဲ ဖမ်းဆီးတာတွေ တော်တော်များများ ကျူးလွန်လာလို့ မဖြစ်မနေ ပစ်ခတ် တိုက်ခိုက်ခဲ့ရတာပါ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူက ပြောဆိုသည်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသည့် အကြမ်းဖက် စစ်တပ် နှင့် ၎င်းတို့ ဒေါက်တိုင်များကို ဆက်လက် တိုက်ခိုက်သွားမည်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေးပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

