NMSP-AD/RMA က စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ပြုလုပ်ခြင်းကို လုံးဝလက်မခံကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) / ရာမညမွန်တပ်တော်မှ နိုင်ကောင်းစကား က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (စစ်ကော်မရှင်) အဖြစ် ပြန်လည်ဖွဲ့စည်းပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ကြေငြာထားကြောင်း၊ ထို ရွေးကောက်ပွဲသည် ၎င်းတို့ ကြုံတွေ့နေရသော နိုင်ငံရေး၊ စစ်ရေး အကြပ်အတည်းပေါင်းစုံကို ကျော်လွှားသွားနိုင်ရန်နှင့် နိုင်ငံတကာ အသိအမှတ်ပြုရေး ရရှိစေရန် လုပ်ဆောင်မည့် အတုအယောင် ရွေးကောက်ပွဲတစ်ခုဖြစ်ကြောင်း NMSP-AD/RMA က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ပြင် ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် အသက်သွင်းရန်နှင့် စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်စေရန်၊ စစ်ကျွန်သက်ဆိုးရှည်စေရေးအတွက်သာ ဖြစ်ပြီး နိုင်ငံတွင်း ပဋိပက္ခကို ပိုမို ပြင်းထန်လာစေမည် ဖြစ်ကြောင်း၊ ၎င်းရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းပြီး စစ်အာဏာရှင်ကို သက်ဆိုးရှည်ရန် ပြုလုပ်သည့်အဖွဲ့ အစည်း/ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကြောင်း NMSP-AD/RMA က ပြောဆိုသည်။
NMSP-AD/RMA အနေဖြင့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံဖြင့် ဆန့် ကျင်တိုက်ဖျက်သွားမည်ဖြစ်ပြီး မိမိတို့ ထိန်းချုပ်ဒေသနှင့် လှုပ်ရှားဒေသများတွင် ရွေးကောက်ပွဲပြုလုပ် ခြင်းကို လုံးဝလက် မခံကြောင်း သိရသည်။
“ဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်တွေအတွက် ထွက်ပေါက်လို့ သူတို့ကိုယ် သူတို့ ယူဆပေမယ့် ကျွန်တော်တို့ရဲ့ ပြည်သူတစ်ရပ်လုံးအတွက်တော့ ဒါဟာ ထောင်ချောက်ပဲလို့ မြင်တယ်။ ဒါကြောင့် ဒီထောင်ချောက်ထဲကို မတိုးဝင်မိစေဖို့အတွက် ပြည်သူတစ်ရပ်လုံး အထူးသဖြင့် မွန်ပြည်နယ်မှာဆိုရင် မွန်တစ်မျိုးသားလုံးက ဆန့်ကျင်သွားဖို့လိုတယ်။ ကျွန်တော်တို့လည်း နည်းလမ်းပေါင်းစုံနဲ့တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ ခံယူချက်အတွက် အစွမ်းကုန်တိုက်ပွဲဝင်ပေးရမယ့် ပွဲ၊ တိုက်ပွဲဝင်ရမယ့် ပွဲလို့ မြင်တယ်။ နိုင်ငံရေးပါတီတွေ၊ ဒါမှမဟုတ် နိုင်ငံရေးထဲမှာ ပါတဲ့ ပုဂ္ဂိုလ်တွေ ဒီလိုမျိုး စစ်ကော်မရှင်နဲ့ ပူးပေါင်းခြင်းအားဖြင့် ကျွန်တော်တို့က သူတို့ကို ဒီလိုမျိုး သတ်မှတ်တယ်လို့ သတင်းစကားပါးချင်တယ်” ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) / ရာမညမွန်တပ်တော်မှ နိုင်ကောင်းစကား က ပြောဆိုသည်။
မွန်ပြည်သူလူထု တစ်ရပ်လုံး အနေဖြင့်လည်း စစ်ကျွန်သက်ဆိုးရှည်မည့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမပြုဘဲ ၎င်းရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကြရန်နှင့် မွန်နိုင်ငံရေးပါတီများလည်း ၎င်းအတုအယောင်ရွေးကောက်ပွဲအပေါ် မျှော်လင့်မနေဘဲ မွန်ပြည်သူတစ်ရပ်လုံးနှင့်အတူဝိုင်းဝန်းဆန့်ကျင်ကြပါရန် တိုက်တွန်းထားသည်။
