28 C
Yangon

ကျောက်မဲမြို့နယ်ကို ယမန်နေ့ ညပိုင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ်တချို့ ပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၇

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော ကျောက်မဲမြို့နယ်ကို ယမန်နေ့ညပိုင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် နေအိမ်တချို့ ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန် ကျောက်မဲမြို့ပေါ် အမှတ် ၇ ရပ်ကွက် မြောက်ကုန်းသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် နေအိမ်တချို့ ပျက်စီးသွားသော်လည်း လူထိခိုက်မှု မရှိကြောင်း သိရှိရသည်။

” မနေ့ညပိုင်း ဗုံးကျဲတာက ကျောက်မဲမြောက်ကုန်း ရှင်းရှင်းကုန်စုံဆိုင်ဘေးမှာရှိတဲ့ ဓာတ်မှန်အိမ်ကို ကျဲချတာ။ ပျက်စီးသွား သွားတာက ဦးစိုင်းစံညွှန့်အိမ်ပါ။ အိမ်ရှင်တွေလည်း မရှိဘူး။ စစ်ရှောင်နေကြတော့ လူထိခိုက်မှုတော့မ ရှိပါဘူး။ နေအိမ်တချို့တော့ ဗုံးစတွေမှန်ပြီး ပျက်စီးကုန်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကျောက်မဲမြို့ပေါ်တွင် ပြည်သူအများစုမှာ စစ်ဘေးတိမ်းရှောင်သွားပြီဖြစ်၍ အိမ်စောင့်ပြည်သူတချို့သာ ကျန်ရစ်တော့ကြောင်း ၊ စစ်တပ်က ကျောက်မဲမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

စက်တင်ဘာလ ၄ ရက်နေ့ နံနက်၁၀ နာရီ ၃၀ မိနစ် အချိန် စစ်တပ်က ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေ ကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် စေတီပုထိုးများ ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဩဂုတ်လ ၃၀ ရက်နေ့ ည ၉ နာရီ ၄၈ မိနစ်အချိန်၊ ည ၉ နာရီ ၅၀ မိနစ်အချိန်တို့တွင် ကျောက်မဲ မြို့နယ်၊ နားခေါ်ကျေးရွာအတွင်းသို့ ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် နေအိမ် ၄ လုံး ပျက်စီးသွားခဲ့သည်။

အကြမ်းဖက်စစ်တပ်က ကျောက်မဲမြို့ပေါ်သို့ ဦးတည်၍ စစ်ကြောင်းထိုးနေပြီးလေ ကြောင်း တိုက်ခိုက်မှုများကိုလည်း ဆက်တိုက် ဆိုသလို လုပ်ဆောင်နေရာ ပြည်သူများ ထိခိုက်သေဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

ဩဂုတ်လ ၂၉ ရက်နေ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို၊ ပန်သပြေကျေးရွာအတွင်း ပေါင် ၂၅၀ ဗုံး ၄ လုံး လာရောက်ကျဲချတိုက်ခိုက်မှုကြောင့် သီလရှင်၊ သံဃာတော်နှင့် ပြည်သူလူထုများ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ အိမ်၊ကျောင်းဆောင် ၅ ဆောင်နှင့် ဓမ္မာရုံ ၁ ရုံတို ဗုံးစထိမှန်ပျက်စီးသွားခဲ့ရသည်။

အလားတူ ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ခိုက်တုန်ဟုန်းကျေးရွာသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်ထိမှန်၍ အသက် ၅၁ နှစ်အရွယ် စစ်ဘေးရှောင် ဦးစိုးမောင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်း ကျောက်မဲမြို့နယ်၊ လုံကြိမ်(ကျောင်းကုန်း) ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချသဖြင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၁ ရက်နေ့တွင်လည်း ကျောက်မဲမြိုနယ်သို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး (၂)လုံးနှင့် လက်နက်ကြီး ၁၁ လုံး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် ၆ အိမ် ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။

ဩဂုတ်လ ၂၀ ရက်နေ့ ကျောက်မဲမြို့နယ် ပင်တီးကျေးရွာ၊ ပင်တီးဘုန်းတော်ကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စစ်ရှောင် ပြည်သူ ၁၀ ဦး သေဆုံးကာ ၁၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article