ရန်ကုန်၊ စက်တင်ဘာ ၇
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် စစ်မှုထမ်းရန် အကျုံးဝင်နေသည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်အားလုံးကို ဆေးစစ်ရန် အကြမ်းဖက် စစ်တပ်က အဓမ္မဆင့်ခေါ်လာကြောင်း ဆင့်ခေါ်ရသည့် လူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၆ ရက်နေ့ ကျောက်ဆည်မြို့နယ်အတွင်းရှိ စစ်မှုထမ်းရန် အကျုံးဝင်နေသော လူငယ်အားလုံးကို စစ်တပ်က ဆေးစစ်ရန် ဆင့်ခေါ်လာခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဆေးစစ်ရန် ဆင့်ခေါ်ခြင်းမှာ အဆင့်များစွာ ကျော်ဖြတ်၍ ဆင့်ခေါ်လာခြင်းဖြစ်ကြောင်း၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ လူငယ်များအားလုံးအနေဖြင့် စက်တင် ဘာလ ၈ ရက်နေ့ ထွေ/အုပ်ရုံးသို့ မပျက်မကွက် သတင်းပေးပိုရမည်ဖြစ်ပြီး သတင်းပို့ရန် ပျက်ကွက်လျှင် အရေးယူမည်ဟု ဆင့်ခေါ်စာတွင် ခြိမ်းခြောက်ထားသည်။
ထိုသို့ဆင့်ခေါ်ရာတွင် ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပတ်သက်သူများ၊ အပေါင်းအပါများ၏ သား၊ တူများ၊ စစ်အရာရှိ၊ Non-CDM အရာရှိများ၏ သားများ မပါဝင်ဘဲ သာမန် အရပ်သားလူငယ်များကိုသာ အဓိက ထားဆင့်ခေါ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျောက်ဆည်မှာရှိတဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့ အမျိုးသားအားလုံးကို စစ်မှုထမ်းရန်အရွယ်ရောက်သူအဖြစ်မှတ်ပုံတင်လတ်မှတ်ထုတ်ပေးထားသူ အားလုံးကို ဆေးစစ်ဖို့ ဆင့်ခေါ်တယ်။ သာမန် ရွာသားများအား ဆင့်ခေါ်စာတွေ ပို့ပေးတာပါ။ သူတို့နဲ့ပတ်သက်ဆက်နွယ်တဲ့ လူငယ်တွေအားလုံး ဆွေမျိုး သားချင်းတွေ ချန်ထားတယ်” ဟု ကျောက်ဆည်မြို့မှ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ကျောက်ဆည်မြို့နယ်၊ ကလေးကျေးရွာတွင် အုပ်ချုပ်ရေးမှူး မြင့်မွှေး တပည့် ရာအိမ်မှူး မြဝင်း၊ ရာအိမ်မှူး ဝင်းမြင့်၊ ရာအိမ်မှူး ဆန်းကြီး၊ ရာအိမ်မှူး မြင့်သိန်းက လူငယ်များအားလုံးကို စစ်မှုထမ်းရေး ဆေးသွားရောက်စစ်ဆေးရန် ဆင့်ခေါ်စာ ပေးပို့ခြင်း၊ လူငယ်များကို ဖိအားပေးခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။




