25.5 C
Yangon

ကနီ ၊ ချောင်းမရွာမှ ဆုတ်ပြေးလာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ၊ ရွှေဘိုတွင်လည်း စစ်ကြောင်းကို ဒရုန်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာမှ ဆုတ်ပြေးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းက ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကနီမြို့နယ်၊ ချောင်းမရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝိုင်းဝန်း တိုက်ခိုက်ခြင်းကြောင့် စစ်ကြောင်း တစ်ခုလုံး ဘန့်ဘွေးပျူစောထီးရွာကို ပြန်လည်ဆုတ်ပြေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆုတ်ပြေးလာသော စစ်ကြောင်းကို ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး MA-1 သေနတ် ၂ လက်၊ 5.56 ကျည် ၁၇၀ နှင့် ကျည်ဘောက် ၈ ခုတို့ကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ချောင်းမရွာကို အကြမ်းဖက် စစ်တပ်ကြောင်း ဝင်ရောက်လာစဉ်ကလည်း တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးကာ စစ်သုံ့ပန်း ၄ ဦး အရှင်ဖမ်းမိပြီး သေနတ် ၇ လက် သိမ်းဆည်းရရှိခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပြေသာရွာကို စစ်ကြောင်ထိုးဝင်ရောက်လာသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Fight For Freedom မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၁၈ ရက်နေ့တွင် ရွှေဘိုမြို့နယ်ရှိ သပြေသာရွာကို စစ်ကြောင်ထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းထိုးလာတာက ရွှေဘိုမြို့နယ် သပြေသာရွာကိုပါ။ အဲရွာမှာ စစ်တပ်ထိုင်နေတာတော့ကြာပြီ လူအင်အားထပ်ဖြည့်ပြီး အချိန်အပြောင်းလုပ်လို့ နယ်ခံအဖွဲ့တွေက အကူအညီတောင်းတာနဲ့သွားရောက်တိုက်ခိုက်ခဲ့တာပါ။ ကား ၁ စီးထိခိုက်ပျက်စီးတယ်။ စစ်ခွေး ၄ ကောင် ဒဏ်ရာရတယ်လို့ကြားတာပါ။ ရွှေဘိုမြို့ ခမရ ၁၁ ခေါ် လေ့ကျင့်ရေး ၈ က စစ်ခွေးတွေပါ။ သပြေသာရွာမှာအထိုင်ချထားတယ်” ဟု Fight For Freedom မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ၊ ရွှေဘိုမြို့နယ်တိုက်နယ်၅ဒုန်းအဖွဲ့ ၊ ယက္ခကြီးနယ်မြေခံပကဖနဲ့ အခြားမဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article