ရန်ကုန်၊ စက်တင်ဘာ ၁၃
ထိုင်းနိုင်ငံ၊ လယောင်မြို့နယ် စည်ပင်တွင် အလုပ်လုပ်နေသည့် ကိုအောင်ချမ်း အမှိုက်ကား ဟိုက်ဒေါလစ် ညှပ် သေဆုံးသွားပြီး စနစ်တကျ သင်္ဂြိုဟ်ခွင့်ရရှိရေးနှင့် နစ်နာကြေး ရရှိရေး ကြိုးပမ်းနေကြောင်း AAC-မဟာမိတ်အဖွဲ့၏ ဒါရိုက်တာဦးခိုင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
စက်တင်ဘာလ ၉ ရက်နေ့တွင် အသက် ၂၈ နှစ်အရွယ် ကိုအောင်ချမ်းကို လုပ်ငန်းခွင်အတွင်း သေဆုံးသွားခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ဝါးတောကွင်းကျေးရွာမှ ဖြစ်ကာ စစ်မှုထမ်း မဲပါလာသည့်အတွက် စစ်မှု မထမ်းလို၍ ထိုင်းနိုင်ငံအတွင်း တိမ်းရှာင်ကာ ပွဲစား၏ ချိတ်ဆက်ပေးမှုဖြင့် စည်ပင်တွင် ဝင်ရောက်လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။
“အခုက အထောက်အထားမဲ့ ဖြစ်နေလို့ နာရေးပါ သေချာ လုပ်လို့မရသေးဘူး ဆိုပြီး ဖြစ်နေတာ။ အဲဒါကြောင့် နာရေးကို ဓလေ့နဲ့ အညီ စနစ်တကျ လုပ်ပေးနိုင်ရေးက ပထမအဆင့်ပေါ့။ ဒုတိယအဆင့်က နစ်နာကြေး ရရေး ကူညီသွားမှာပါ။ ထိုင်းဥပဒေအရ လုပ်ငန်းခွင် အတွင်း သေဆုံးရင် ထိုင်းနိုင်ငံသား မြန်မာနိုင်ငံသား မခွဲခြားဘဲ လုပ်ငန်းခွင် နစ်နာကြေး ပေးရး၊ ပြီးတော့ လုပ်ခလစာ အတူတူပေးရမယ် ဆိုတာ၂၀၁၁ ထဲက ထိုင်းဘုရင်ကြီး Rama 9 က ပြဌာန်းပေးခဲ့ပြီးသားပါ။ ခုလို ထိုင်းအစိုးရ အလုပ်ဖြစ်တဲ့ စည်ပင်မှာ လုပ်ကိုင်ရင်း သေဆုံးခဲ့ရတဲ့အပါ် ဒီလိုတွေ ဖြစ်နေတော့ တခြားလုပ်ငန်းခွင်က နစ်နာသူတွေ အတွက် ပိုခက်မှာပေါ့။ ကျွန်တော်တို့ အစွမ်းကုန်ကူညီသွားမှာပါ”ဟု AAC-မဟာမိတ်အဖွဲ့၏ ဒါရိုက်တာဦးခိုင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
သေဆုံးသွားသူ ကိုအောင်ချမ်းကိုသည် လယောင်မြို့နယ်ရှိ စည်ပင်သာယာလုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နသည်မှာ တစ်လမပြည့်သေးကြောင်း၊ ထိုသို့ သေဆုံးသွားမှုအတွက် နာရေး လုပ်ဆောင်နိုင်ရန်နှင့် နစ်နာကြေးရရှိရေးအတွက် ၎င်း၏ ဇနီး ဖြစ်သူက AAC-မဟာမိတ်အဖွဲ့သို့ အကူအညီတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်း အတွင်း အကြမ်းဖက်စစ်တပ်၏ မတရား စစ်မှုထမ်းဥပဒေ မပါရှိရေးအတွက် ကိုအောင်ချမ်းကို အပါအဝင် ပြည်သူများသည် လစဉ် ကျပ်ငွေ ၅ သောင်းခန့် အကြမ်းဖက်စစ်တပ်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပေးနေရသည်မှာ ကာလကြာပြီဖြစ်ကြောင်း၊ ကိုအောင်ချမ်းကို သည် လစဉ် ငွေပေးနေရသည့် ကြားမှ စစ်မှုထမ်းမဲ ပေါက်သည်ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုကာ စစ်မှုထမ်းရန် အတင်းအဓမ္မပြောဆိုသည့်အတွက် ထိုင်းနိုင်ငံသို့ ထွက် ပြေးတိမ်းရှောင်ခဲ့၍ ရရာ အလုပ်ဝင်ရာက် လုပ်ကိုင်ရာမှ လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရှိရသည်။


